Friday, October 4, 2013

ဂျေယန့်ဒုက္ခသည်စခန်းမှ ပျက်စီးသွားသောနေအိမ်အချို့ကို ကရုဏာအဖွဲ့မှ ပြန်လည်ပြုပြင်ပေးမည်

ဂျေယန့်ဒုက္ခသည်စခန်း ပြန်လည်တည်ဆောက်ရန် ကရုဏာအဖွဲ့မှ ပြင်ဆင်ထားတဲ့ သစ်သားပျဉ်များ။

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည့် ဒုက္ခသည်အိမ်ထောင်စု (၇၀၀) အတွက် အိမ်ခန်းအသစ်များအား မြစ်ကြီးနား ရိုမန်ကက်သလစ် ကရုဏာအဖွဲ့ (KMSS)မှ ယခင်ထက်ပိုမိုကောင်းမွန်အောင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဂျေယန့်ဒုက္ခသည်စခန်း တာဝန်ရှိသူများ ထံမှသိရသည်။

အဆိုပါ ဒုက္ခသည်များနေထိုင်သော အိမ်ခန်းသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ  ဆောက်လုပ်ပေးသောအိမ်ခန်းတန်းလျားများဖြစ်သောကြောင့် ယခုချိန်တွင် ပျက်စီးလာပြီး၊ ၄င်းထဲမှ အများစုဖြစ်သော မိုးကာဖြင့် ဆောက်လုပ်ထားသည့်အိမ်ခန်းများကို အသစ်ပြုပြင်ခြင်းဖြစ်ကြောင်း စခန်းအတွင်းရေးမှူး ကပြောသည်။

“အထူးသဖြင့် မိသားစုငါးဦးရှိတဲ့ အိမ်ထောင်စုတွေနဲ့ မိုးကာအိမ်တွေကို ဦးစားပေး အသစ်လဲပေးတယ်၊ မိုးကာအိမ်တွေကျန်နေသေးတဲ့ ရပ်ကွက် ၅၊ ၆၊ ၇ တွေမှာ ဦးစားပေးလဲသွားမှာဖြစ်တယ်၊ အသစ်ဆောက်မယ့် အိမ်ခန်းကကရုဏာဘက်က အင်ဂျင်နီယာလည်းပါတော့ အရင်ကထက်ပိုကောင်းနိုင်တယ်” ဟု ဆိုသည်။

ဂျေယန့်ဒုက္ခသည်စခန်းရှိ အိမ်တန်းလျားအသစ်များကို (၉၆)ပေရှိ တန်းလျား (၁၁၇)တန်း ဆောက်လုပ်မည်ဖြစ်ပြီး၊ တန်းလျားတစ်ခုတွင် (၆)ခန်းပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

“အရင်နေတဲ့ အိမ်တန်းတွေမှာ (၉၀) ပေ မှာ (၁၀)ခန်းပါတယ်၊ အခုက ပေလည်းပို၊ အခန်းအရေ အတွက်ပါလျော့တော့ပိုအဆင်ပြေနိုင်တယ်၊ တန်းလျားအိပ်ခန်းအကာသာတူတယ်၊ အောက်က အခင်းကျတော့သီးခြားကာမှာ၊ အခန်းတစ်ခုနဲ့တစ်ခုကြား မီးဖိုချောင် ထည့်သွားမှာဖြစ်တယ်” ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် ထိုသို့ ပျက်စီးသွားသည့်အိမ်ခန်းတန်းလျားများ ရာကျော်အတွက် ဆောက်လုပ်ပေး နေသော်လည်း ပြုပြင်မှုသည်စခန်းအိမ်ခန်းများအားလုံး လုံလောက်သွားခြင်းမရှိသေးကြောင်း ဒုက္ခသည်စခန်း အတွင်းရေးမှူးကဆက် ပြောသည်။

“စခန်းမှာအိမ်ထောင်စုတစ်ထောင်ကျော်ရှိတယ်၊ အခုက ခုနှစ်ရာအတွက်ရပြီဆိုတော့ နောက်ထပ်တဝက်လောက်ကိုလိုသေးတယ်၊ အိမ်တွေအားလုံးက ၂ နှစ်ကျော်နေပြီ ဆိုတော့ လဲဖို့ လိုအပ်နေပြီ” ဟုဆိုသည်။

အိမ်တန်းလျားအသစ်များကို ဒီဇင်ဘာအကုန်တွင်အပြီးဆောက်ရန်စီစဉ်ထားပြီး၊ အောက်တိုဘာလ ၂ ရက်နေ့မှ ဆောက်လုပ်မှုစတင်နေပြီဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရန် လိုအပ်သောပစ္စည်းကိရိယာများသည် ယခုချိန် အိမ်တန်းလျား (၆၀)ကျော်အတွက် သာရောက်ရှိသေးကာအိမ်တန်းလျားတစ်ခုအား တစ်ပတ်အချိန်တွင်း၌ အပြီးဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းတွင် လွန်ခဲ့သောအပတ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ စောင်၊ခြင်ထောင်၊ မိုးကာ၊ ပုံး၊ အိုး၊ ဖျာနှင့်အမျိုးသမီးသုံး ပစ္စည်းများလာရောက် ကူညီခဲ့သော်လည်း၊ စခန်းတွင်လက်ရှိ သန့်ရှင်းရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့်ကိုယ်ဝန်ဆောင်မိခင် အာဟာရများ အထူးလိုအပ်နေသေးကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းသည် ကချင်တစ်ပြည်နယ်လုံးရှိ ဒုက္ခသည်စခန်းများတွင် အကြီးဆုံးဖြစ်ကာ၊ လူဦးရေ (၈)ထောင်ကျော်နှင့် အိမ်ထောင်စု (၁)ထောင်ကျော်မှီခိုနေကြောင်းသိရသည်။

ထိုစခန်းအိမ်တန်းလျားအသစ်ဆောက်လုပ်ရာတွင် လိုအပ်သောငွေကြေးများကို မြစ်ကြီးနားကရုဏာမှ ကွင်းဆင်းကြည့်ကြပ်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment