Friday, October 18, 2013

KIO လူထုရှင်းလင်းပွဲ လိုင်ဇာတွင်ပြုလုပ်

အောက်တိုဘာ ၁၈ လိုင်ဇာ လူထုတပ်ထု နိုင်ငံရေးရှင်းလင်းပွဲ။


မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တနိုင်ငံလုံးအပစ်အခတ်ရပ်ဆိုင်းရေးတွင် လက်မှတ်ရေးထိုးခြင်းမှာ လက်နက်ကိုင်များအကြား နားလည်မှုတစ်ခုအဖြစ် ရယူထားခြင်းသာဖြစ်ပြီး၊ ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမှုမရှိကြောင်း ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော လူထုရှင်းလင်းပွဲတွင် KIO ကာကွယ်ရေးအရာရှိ တဦးကပြောကြားလိုက်သည်။

အဆိုပါ KIO ၏ ပြည်သူလူထုရှင်းလင်းပွဲတွင် KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ခေါင်းဆောင် ဆရာကြီး ဆွမ်လွတ်ဂမ်နှင့် ကာကွယ်ရေးဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့မှ အောက်တိုအာလ (၈)မှ (၁၀) ထိပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူလက်မှတ်ရေးထိုးထားသော အချက်(၇) ချက်နှင့် နှစ်ဖက်လိုက်နာဆောင်ရွက်ရမည့် အချက်(၁၈) ချက်အား ရှင်းလင်းပြီး၊ ပြည်သူလူထုမှ ဆက်လက် အားထား ယုံကြည်စေရန် အမြဲကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြောင်းအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းသွား ကြောင်းသိသည်။

“ဒီလိုလူထုရှင်းလင်းပွဲလုပ်ပေးတာ အရမ်းကောင်းတယ်၊ သူတို့ရဲ့ဆွေးနွေးသဘောတူညီချက်တွေကို ဘယ်လို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်သွားတယ်၊ သဘောတူထား တဲ့အချက်နဲ့ နှစ်ဖက်လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို တစ်ခုချင်းစီနားလည်အောင် ပြောပြပါတယ်၊ ရှေ့ဆက်ငြိမ်း ချမ်းလာမယ်လို့လည်းမျှော်လင့်တယ်” ဟု လူထုရှင်းလင်းပွဲ တက်ရောက်သော ဒေါ်မရန်ကော့ ကပြောသည်။

ထိုထဲမှ ဒေသခံတဦးက “အများပြည်သူသုံးလမ်းတွေကိုအမြန်ဖွင့်လှစ်နိုင်ရန် ဆိုတဲ့အချက်ကို အမြန်ဆုံး ဆောင်ရွက်သင့်တယ်၊ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ပြည်သူကို ကိုယ်စားပြု တယ်ဆိုရင် ပြည်သူလူထုရဲ့ အကျိုး စီးပွားနဲ့ဆက်နွယ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာဖို့က အရေးကြီးတယ်လို့ ယူဆတယ်” ဟုဆိုသည်။

ဆက်လက်ပြီး လူထုရှင်းလင်းပွဲ၏ အဓိကအဖြစ် ပြည်သူလူထုများနားလည်သဘောပေါက်မှု ရရှိစေရန် သဘောတူလက်မှတ်ရေးထိုးထားသောအချက်များမှာ အပစ်အခတ်ရပ်စဲရေး အတွက်လက်မှတ်ရေး ထိုးခြင်းမဟုတ်ဘဲ အချက်(၇) ကိုသာရည်ညွှန်း၍ လက်မှတ်ရေးထိုး ထားခြင်းဖြစ်ပြီး၊ ထိုအချက်များအား အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တိုက်ပွဲများဆက်လက်ဖြစ်ပွားမှု နည်းပါးသွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကပြောသည်။

အစိုးမှ တနိုင်ငံလုံး အပစ်အခတ်လက်မှတ်ရေးထိုးရေးအစီအစဉ်ဆောင်ရွက်ခြင်းမှာ နိုင်ငံတကာမူအားဖြင့် မှန်ကန်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ နိုင်ငံရေးဆွေးနွေးမှုများသာလျှင် ပထမဆုံး ကျင်းပ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် (၁၇) နှစ်အတွေ့အကြုံများအရ (သို့) နှစ် (၅၀) အတွေ့အကြုံများ အရ ပြည်သူလူထုများလည်း သိရှိထားပြီ ဖြစ်ကြောင်းဆိုသည်။

အဆိုပါ လူထုရှင်းလင်းပွဲတွင် ကေအိုင်အို အစိုးရဌာနဆိုင် အသီးသီးမှဝန်ထမ်းများ၊ လိုင်ဇာဒေသရှိ ဒုက္ခသည်များ၊ ဧည့်သည်တော်များ နှင့် ဒေသခံပြည်သူလူထု (၂) ထောင်ကျော် တက်ရောက် ပါဝင်ခဲ့ ကြောင်းသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment