Wednesday, March 30, 2016

SSA မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား


ရှေ့တန်းတိုက်ပွဲ ဝင်နေသော အစိုးရ စစ်သားများ

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့နှင့် အစိုးရတပ် ယမန်နေ့ KIA တပ်မဟာ ၆ နယ်မြေတွင်း ၅ နာရီခန့်ကြာ ထပ်မံဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အစိုးရတပ် အချင်းချင်း လက်နက်ကြီး ဖြင့် ပစ်ခတ် မိကြောင်း သိရပါသည်။

မုန်းဘော်၊ အင်ဂါ မြစ်ဆုံ (N Ga Hka Mazup)နှင့် ဖ ရာ (Hpa Ra) ဒေသ ကြားတွင် ဖြစ်ပြီး SSA-N တပ်မဟာ ၁ တပ် ကို အစိုးရ တပ်မ ၉၉ မှ စစ်မျက်နှာ နှစ်ခုဖြင့် ယမန်နေ့ မနက်ပိုင်း ၁၁ မှ ညနေ ၄ နာရီ ကျော်ခန့် အထိ တိုက်ခိုက်ခဲ့ကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကိုပြော ခဲ့ပါသည်။

ရှေ့တန်းတွင် SSA-N ကို တိုက်နေသော အစိုးရ တပ်မ ၉၉ ကို မန်ဂျတ် (Man Jak)ရှိ အစိုးရတပ်မှ လက်နက်ကြီး ၈၂ မမ ဖြင့် ပစ်ကူရာ အမြောက်ဆန် ကျည် နှစ်ခုမှာ တပ်မ ၉၉ နေရာယူထားရာ တွင် ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစိုးရ စစ်သား ၁၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၄င်း KIA အရာရှိက ဆက်ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် SSA-N တပ်တို့ကြား မတ်လ ၂၈ ရက်နေ့ကလည်း ယင်းဒေသ တစ်ဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ထို့အတူ မတ်လ ၂၆ မှ ၂၈ အထိ ပြုလုပ်သော တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ၏ သုံးရက်ကြာ ‘ဝ’ နယ် UWSP/UWSA ပန်ခမ်း အစည်းအဝေးတွင် လက်ရှိ RCSS နှင့် TNLA တို့ကြား ဖြစ်နေသည့် ပြဿနာကို ညှိနှိုင်း အဖြေရှာပြီး နှစ်ဦးနှစ်ဖက် ချက်ခြင်း အပစ်အခတ် ရပ်စဲရန် တောင်းဆို ထားပါသည်။ အကယ်၍ တဖက်က ပဋ္ဋိပက္ခ ဖြစ်ပွားအောင် ဆက်လက် ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းလည်း သတိပေး ထားသည်။


0 comments:

Post a Comment