Wednesday, March 9, 2016

KIO မှ တပ်မဟာ ၆၊ မူးယစ်ဆေးဝါးနှင့် ဒုက္ခသည် ကိစ္စ သဘောထား ထုတ်ပြန်


ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လိုင်ဇာ ဗဟိုဌာနချုပ်တွင် ယနေ့ မနက် ၁၀ နာရီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး KIA တပ်မဟာ ၆၊ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းနှင့် စစ်ပြေး ဒုက္ခသည်များ(IDPs) တို့နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် ၃ ခုကို ထုတ်ပြန်လိုက်သည်။


ကချင်လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၆) ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင်မှ ဖွဲ့စည်းခြင်း မဟုတ်ပဲ ဖြစ်ပေါ်လာသော တကျော့ပြန်စစ်ပွဲများ၏ လိုအပ်ချက်ကြောင့် တပ်မဟာ ၆ အား ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း” ဆိုထားသည်။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဗဟိုဌာနချုပ် မုန်းကိုဒေသတွင် KIA တပ်မဟာ ၆ တိုးချဲ့ ဖွဲ့စည်းခြင်းပေါ် ‘ပြင်းထန်စွာ ကန့်ကွက်ကြောင်း’ ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC မှ ဖေါ်ဝါရီလ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ပြီး ကချင်ပြည်နယ် ပဋ္ဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ မတ်လ ၃ ရက်နေ့ အကြောင်းကြားခဲ့သည်။

ထို့အပြင် လူထုအခြပြု မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းအပေါ်တွင်လည်း KIO မှ ထောက်ခံကြောင်းနှင့် ယင်းလုပ်ငန်းကို အစိုးရ အာဏာပိုင်နှင့် လူမှုအဖွဲ့အစည်းများမှ ပံ့ပိုးကူညီ စေရန်နှင့် KIO မှလည်း မူးယစ် တိုက်ဖျက်ရေးတွင် တတ်စွမ်းသရွေ့ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၁ ဇွန်လ အစိုးရနှင့် KIO ကြား တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော စစ်ပွဲ ၅ နှစ်ပြည့်ရန် ၃ လတိတိလိုသည့် ယနေ့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည် IDPs ဦးရေမှာ ၁၀၀၃၇၂ ရှိကြောင်းနှင့် အစိုးရမှ IDPs နှင့်သက်ဆိုင်သော ကိစ္စများတွင် ကိုင်တွယ်မှု အားနည်းနေကြောင်း ထောက်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် အဖြစ် အာဏာ လွဲပြောင်းရန် သုံးပတ်သာ အကြာ သမ္မတလောင်း ရွေးချယ်မည့်သူ နာမည်စာရင်းကို ထုတ်ပြန်ကြေညာရန် တရက်အလို KIO မှ သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။



0 comments:

Post a Comment