Monday, March 14, 2016

ဒုသမ္မတ ခရစ်ယာန် ဖြစ်ခြင်း လူမှုကွန်ရက် ပေါ် ဆန့်ကျင် ကန့်ကွက်


ခရစ်ယာန် တဦးဖြစ်သူ အမျိုးသားလွှတ်တော် အမတ် ချင်းလူမျိုး ဦးဟင်နရီဗန်ထီးယူ အား နိုင်ငံတော် ဒုတိယ သမ္မတ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တင်သွင်းခြင်းကို facebook ပေါ် ကန့်ကွက် ဝေဖန်မှုများ ပြုလုပ်နေပါသည်။


‘ဗုဒ္ဓနိုင်ငံတွင် ခရစ်ယာန်တဦး အနေဖြင့် နိုင်ငံတော် ဒုသမ္မတအဖြစ် ရွေးချယ်ခံရမှုအပေါ်’ မြန်မာ သတင်း မီဒီယာများမှ ဝေဖန်မှုများ မရှိသေးသော်လည်း လူမှုကွန်ရက် စာမျက်နှာ facebook တွင် ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုများကို တွေ့နေရသည်။

‘Ashin Agga Dhamma’ facebook နာမည် ပိုင်ရှင်သည် “ခရစ်ယာန် ဘာသာဝင် တစ်ဦးအား သမ္မတ တင်ခြင်း၊ ဒုသမ္မတတင်ခြင်းတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယုတ်မာမှုအဖြစ် သုံးသပ်သည်။ ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေး အဖွဲ့ အနေဖြင့် ဒုသမ္မတ နေရာအား ခရစ်ယာန်ဖြစ်စေ အစ္စလာမ်ဖြစ်စေ လုံးဝ လက်ခံနိုင်မည် မဟုတ်ကြောင်း” စသည်ဖြင့် မတ် ၁၀ နေ့က ရေးသားထား ပါသည်။

ထို့အတူ (သစ္စာရောင် ခြည်) facebook စာမျက်နှာတွင်လည်း “ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင် တစ်ယောက် သမ္မတ၊ ဒုသမ္မတ ခန့်အပ်ခြင်းကို လုံးဝ လုံးဝ ကန့်ကွက်သည်” ဆိုထားပါသည်။

သို့သော်လည်း အချို့ စာမျက်နှာတွင် တရားမျှတမှုဘက်မှ ရပ်တည် ပြောဆိုနေမှုများကို တွေ့ရပါသည်။

‘Ashin Uttama” ဆိုသူ၏ facebook စာမျက်နှာတွင်မှု “….ဒီမိုကရေစီတိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ အသားမဲမဲ၊ ဖြူဖြူ၊ နွားကျောင်းသားဖြစ်ဖြစ်၊ ဒရိုင်ဘာဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ်၊
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် အဲဒါတွေကို စိတ် မဝင်စားဘူး ဒကာ။ ဦးဇင်း စိတ်ဝင်စား တာက သူ့ရဲ့ပညာ၊ သူ့ရဲ့စိတ်ဓာတ်၊ သူ့ရဲ့စည်ကမ်းနဲ့ တိုင်းသူ ပြည်သားတွေ အပေါ်ထားတဲ့ မေတ္တာ စေတနာပဲ။ ငါတို့ က ဘာသာရေး ခေါင်းဆောင် ရွေးနေတာ မဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင် ရွေးနေတာ။” မတ် ၁၂ ရက်နေ့က ဆိုထားပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနု သည် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိ ကဝတ်များ အတိုင်း မလိုက်နာပဲ တိုင်းရင်းသား လူမျိုးများနှင့် စုပေါင်းတည်ဆောက်ထားသော ပြည်ထောင်စုကြီး ကို “ဗုဒ္ဓဘာသာနိုင်ငံ” အဖြစ် ၁၉၆၁ တွင်ကြေညာခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြား တိုင်းရင်းသားနှင့် ဘာသာဝင်များသည် အစိုးရ၏ ခွဲခြား ဖိနှိပ်မှုများကို ယနေ့ထိပင် ခံနေရခြင်းဖြစ်သည်။


0 comments:

Post a Comment