Thursday, March 3, 2016

သီးခြား နိုင်ငံ ထူထောင်ရေး ထိုင်းနိုင်ငံ ကချင် အမျိုးသားများ သဘောထား ထုတ်ပြန်


မတ် ၂၊ ၂၀၁၆ ထိုင်းနိုင်ငံ ကချင်အမျိုးသားများ၏ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲ၊ ချင်းမိုင်မြို့

ကချင် အမျိုးသား အားလုံးသည် သီးခြား ကချင် နိုင်ငံတော် ထူထောင်ရေး နိုင်ငံရေး လမ်းစဉ်ကို တည်ဆောက် သွားရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကချင် အမျိုးသားများမှ ကချင်ဘာသာလို မတ် (၃)၊ ယနေ့ သဘောထား ထုတ်ပြန်သည်။

ကချင် အမျိုးသား အစည်းအရုံး KNO-Thailand မှ ဦးဆောင်မှုဖြင့် ယမန့်နေ့ ဗုဒ္ဓဟူးနေ့ည ချင်းမိုင်မြို့တွင် ပြုလုပ်သော ကချင်လူထု၏ လက်ရှိ မြန်မာ နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲမှ သဘောတူညီချက်များကို ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ကချင်အမျိုးသား အနေဖြင့် လက်ရှိ မြန်မာအစိုးရမှ လုပ်ဆောင်နေသော နိုင်ငံရေးလမ်းစဉ်များမှာ ပါဝင် ပတ်သက်မှု မပြုလုပ်ရန် သတိပေးထားသည်။

ထို့အပြင် သီးခြား လွတ်လပ်သော ကချင်နိုင်ငံတော် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲပြီး ယင်းကို ကချင်အမျိုးသားများ အားလုံး ရှင်းရှင်းလင်းလင်း သိရှိ နားလည်းစေရန် ဖြန့်ဝေပေးခြင်းနှင့် ကချင် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး လိုက်နာသွားရန်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သီးခြား လွတ်လပ်သော ကချင် နိုင်ငံတော် တည်ဆောက်ရေး ပန်းတိုင်အတွက် လက်ရှိ ကချင် လက်နက်ကိုင်အဖွဲ့များ အားလုံး၊ နိုင်ငံရေးအဖွဲ့များ အားလုံးနှင့် ကချင်မျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းထားပါသည်။

အဆိုပါ အစည်းအဝေးသို့ ၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံတွင် လုပ်ကြံခံရသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထူထောင်သူ GOC Lahtaw Zau Seng ခေတ် စစ်မှု ထမ်းဟောင်းများ၊ ကချင်အသင်းတော် ခေါင်းဆောင်များနှင့် KNO ခေါင်းဆောင်များ ပါဝင် ဆွေးကြပါသည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၅ နှစ်ထိ KIO သည် သီးခြား လွတ်လပ်သော ကချင် နိုင်ငံတော် ထူထောင်ရေး လမ်းစဉ်မှာ ရပ်တည်ခဲ့သည်။ ယင်းနောက် ယခုချိန်ထိ KIO အဖွဲ့၏ နိုင်ငံရေး လမ်းစဉ်မှာ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု အောက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ် ရရှိရေးဖြစ်သည်။

KIO သည် မတ်လ ၃၀ ရက်နေ့ တက်လာမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပြင်ဆင်နေချိန် ယခု ထုတ်ပြန်ချက် ထွက်ပေါ် လာခြင်းဖြစ်သည်။


0 comments:

Post a Comment