Thursday, March 17, 2016

အစိုးရ စစ်ကြောင်း ကို KIA တပ်ရင်း ၃၆ ဗုံးဖြင့် တိုက်ခိုက်


ယနေ့ နံနက် ၅ နာရီခန့်တွင် အစိုးရ တပ်မ ၉၉ စစ်ကြောင်းကို ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ မှ ဗုံးဖြင့် တိုက်ခိုက်ခဲ့ပါသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေအတွင်း အစိုးရ တပ်မ ၉၉ စစ်ကြောင်းသည် မုန်းကို ဒေသသို့ သွားရန် ပန်ဆိုင်းမှ စထွက်လာချိန် ဂိတ်အနီး နမ်ဘာတက် ရွာတွင် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် နှစ်ဖက် တိုက်ပွဲ မရှိကြောင်း သိရသည်။

အစိုးရတပ်မှ မိုင်းပေါက်ကွဲ နေရာအနီး လူနေအိမ်သို့ သေနတ်ပစ်ခတ်ခြင်းကြောင့် နမ်ဘာတက် ရွာသား တရုတ်လူမျိုး ရိုဂရာရှင်း သည် ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ယခုချိန် တရုတ်နိုင်ငံ မန်ရှီဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း သိရသည်။

ဗုံးပေါက်ခွဲခြင်းကြောင့် အစိုးရတပ်ဘက် ထိခိုက်ကျဆုံးမှုသတင်းကို မသိရသေးသော်လည်း ယခုချိန် ၄င်းစစ်ကြောင်းသည် မုန်းကို ဒေသသို့ ဆက်လက် ချီတက်သွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တပ်မဟာ ၆ ကို မုန်းကို ဒေသမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တရားဝင် တိုးချဲ့ ဖွဲ့စည်းပြီးနောက် အစိုးရတပ် အင်အား ၂၀၀၀ ကျော် ၄င်းဒေသသမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်းဖြစ်သည်။



0 comments:

Post a Comment