Tuesday, March 8, 2016

ဦး ဇခုန်တိန့်ယိန်း တရားစွဲဆို ထားခြင်း PJS ခေါင်းဆောင်များ မသိ


ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်သူများ လမ်းလျှောက်ဆန္ဒပြနေ

ဦးဇခုန်တိန့်ယိန်း မိသားစုမှ ကချင် လူထုအခြပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ PJS ကို ယမန်နေ့က တရားစွဲထား ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်းကို PJS ခေါင်းဆောင်များ မသိကြောင်း ပြောသည်။

“ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညက ကချင်ပြည်နယ် အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့တဲ့ ပတ်ဂျာဆန် အဖွဲ့ဝင်တွေကို အကျိုးဖျက်ဆီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ ပုဒ်မ ၆ ခု နဲ့ ဒီနေ့ အမှုဖွင့်လိုက်တယ်လို့” RFA မြန်မာသတင်းဌာနမှ မတ် ၇ ရက်နေ့ ရေးသားခဲ့ပါသည်။

ယင်း အကြောင်းကို ဝိုင်းမော်မြို့နယ် PJS ကော်မတီ ခေါင်းဆောင် ဆရာဖောင်လ က မြစ်ကြီးနားမြို့ ဦးဇခုန်တိန့်ယိန်း မိသားစုမှ တရားစွဲထားကြောင်းကို မသိကြောင်းနှင့် ယင်းဆန္ဒပြမှုတွင် ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS များ ပါဝင်ခြင်းလည်း မရှိကြောင်း အခုလိုပြောပါသည်။
“အဲဒီ အကြောင်းကို မကြားသေးဘူး။ ကျနော်တို့ကို ဘာမှ မပြောလာ သေးဘူး။ တစ်ခုတော့ရှိတယ် အဲဒီ ဦးဇခုန်တိန့်ယိန်း အိမ်ကို ကျောက်ခဲတွေ ပစ်တယ်ဆိုတာက ကနော်တို့ Pat Jasan အဖွဲ့တွေ မဟုတ်ဘူး။ ပြည်သူ လူထုတွေပဲ ဖြစ်မှာပါ။ အဲဒီ ဆန္ဒပြဖို့ ဦးဆောင်တာမျိုးလည်း လုံးဝ မရှိဘူး။ ဦးဆောင်ဖို့ မပြောနဲ့ ကျနော်တို့ လူတွေကို ဆေးရုံပို့ရမှာနဲ့တင် ကျနော်တို့ ခက်နေတာ”

PJS အဖွဲ့သည် တစ်ပတ်တိတိ တားမြစ်ခံခဲ့ရသည့် ဝိုင်းမော် ဝါးရှောင်ဂိတ်မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့ အစိုးရ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ လုံခြုံရေးပေးမှုဖြင့် ကန်ပိုင်တီသို့ ဘိန်းခင်းတိုက်ဖျက်ရန် ထွက်လာခဲ့ပြီး ၂၅ ရက်နေ့ ကန်ပိုင်တီဒေသတွင် အစိုးရနယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များနှင့် ဘိန်းခြံပိုင်ရှင်တို့၏ ဗုံး၊ သေနတ်တို့ဖြင့် တိုက်ခိုက် ခံခဲ့ရသည်။

ထို့အပြင် ကချင်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ PJS ခေါင်းဆောင်အချို့ကို ယင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်ဦးချင်း ခေါ်ယူ စစ်ဆေး မေးမြန်းမှုကို မတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

လက်နက်မဲ့ PJS အဖွဲ့များ တိုက်ခိုက်ခဲ့ရမှုကြောင့် မြစ်ကြီးနားပြည်သူလူထု အင်အား၂ ထောင်ကျော် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းနှင့် ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါသည်။


0 comments:

Post a Comment