Tuesday, March 1, 2016

KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းခြင်းပေါ် UPWC မှ ကန့်ကွက်စာ ထုတ်ပြန်

KIA တပ်မဟာ (၆) ဖွင့်ပွဲနေ့ပုံ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း အပေါ် မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ကန့်ကွက်စာ ထုတ်ပြန်လိုက်ပါသည်။

၎င်း ထုတ်ပြန်ချက်တွင် “ယခုကဲသို့ KIA တပ်မဟာ (၆)တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နိုင်ငံတော် အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အသိအမှတ်မပြု၊ ဆန့်ကျင်ရာ ရောက်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာ သက်ရောက်စေမည် ဖြစ်ပါသည်” ဟု တင်ပြထားပါသည်။

ယင်းကို KIA တပ်မဟာ (၆) ထိပ်တန်း အရာရှိတစ်ဦး အခုလိုပြောပါသည်။

“အပစ်အခတ် ရပ်စဲရေးနှင့် လုပ်ထားတာ မဟုတ်ဘဲ လိုအပ်လို့ ကျနော်တို့ ဖွဲ့စည်းရတာဖြစ်တယ်။ ဘာလို့ လဲဆိုတော့ ယခင် အပစ်အခတ်ရပ်စဲထားတဲ့ အချိန်မှာ သူတို့ဘက်ကလည်း  အရင်က မရှိတဲ့နေရာမှာ တပ်ရင်းသစ်တွေ ၅၊ ၆၊ ၁၀ ခုလောက် တိုးချဲ့ ဖွဲ့စည်းလာတယ်။ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာက ကျနော်တို့ တပ်မဟာ သစ် ဖွင့်တာနဲ့ မဆိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့က သူတို့ ဗမာနယ်ကို သွားတိုက်တာလည်း မဟုတ်ဘူး။ အဓိက ကတော့ ဒီဒေသကို ဖျက်ဆီးနေတယ့် အစိုးရပဲဖြစ်တယ်။ အခုဒီဘက်မှာ ပြဿနာဖြစ်နေတယ် ဆိုတာကလည်း အစိုးရကိုယ်တိုင် တိုင်းရင်းသားအဖွဲ့တွေကို သွေးခွဲပြီး ပြဿနာ မဖြစ်ဖြစ်အောင် လုပ်နေတယ်ဆိုတာပဲ ပြောချင်တယ်”

အလားတူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကလည်း “လက်ရှိမြန်မာအစိုးရနှင့် တပ်မတော်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို စစ်ရေးနိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင်နေရပါသည်။ ဤသို့သွေးခွဲ အနိုင်ယူရေး စစ်ရေးနိုင်ငံရေး မဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိအစိုးရတပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်ကြောင်း” NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ တပ်ပေါင်းစု UNFC မှ ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

KIA တပ်မဟာ (၆)တရားဝင် ဖွဲ့စည်းအပြီး ၃ ရက်အကြာ မုန်းကိုဒေသတွင် အစိုးရတပ်များ စစ်ဆင်လှုပ်ရှား လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာပါသည်။

ယမန်နှစ် အောက်တိုဘာ ၁၅ NCA လက်မှတ်ရေးထိုးအပြီး သျှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့များက ယခင်၎င်းတို့တပ်စွဲထားခြင်းမရှိသည့် ရှမ်းမြောက် KIA တပ်မဟာ (၄) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSFL/TNLA) နယ်မြေများသို့ ၀င်ရောက် တပ်စခန်းချလာ သောကြောင့် နိုဝင်ဘာလမှ TNLA တပ်တို့နှင့် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေပြီဖြစ်သည်။

ယင်းအခြေအနေ KIA ၏ တပ်မဟာ (၄)ရှိနေသော ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းခြင်းပေါ် အစိုးရ UPWC မှ ကန့်ကွက် လိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment