Tuesday, March 15, 2016

ကချင်ပြည်နယ် ရေကာတာ စီမံကိန်းများ လုံးဝ ရပ်တန့် ပေးရန် တောင်းဆို


‘ကချင်ပြည်နယ်ရှိ ရေကာတာစီမံကိန်းများ အားလုံးသည် ပြည်သူလူထုများကို အသိပေး ထုတ်ပြန်
 ကြေညာခြင်းနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာခြင်း မရှိပဲ အကောင်ထည်ဖော်
 ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း’ မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်ခဲ့သည်။


နိုင်ငံရေးအရ ဖြေရှင်းနိုင်မှု မရှိသေးသ၍ ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် အခြားသော ရေကာတာ စီမံကိန်းများကို လုံးဝ ရပ်တန့်ပေးရန် ကချင် အရပ်ဘက် အဖွဲ့အစည်း ၃၀ မှ သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရ လက်ထက် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြည်သူများ ဆန့်ကျင်နေရာမှ အတင်း တည်ဆောက်ခဲ့သော်လည်း ယခု သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် စီမံကိန်းကို ယာယီ ရပ်ဆိုင်း စေခဲ့သည်။

သို့သော်လည်း ယခုလ မတ် ၇ ရက်နေ့ တရုတ်နိုင်ငံ ပီကင်းမြို့ ညီလာခံ တခုမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Mr. Wang Yi က မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လည် အကောင်ထည်ဖော်နိုင်ရန် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါသည်။

၁၉၄၇ ပင်လုံစာချုပ်ကို အစိုးရမှ ဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်ချိန် အစိုးရအဆက်ဆက်မှ ကချင်လူမျိုးနှင့် ကချင်ပြည်နယ်၏ သဘာဝ မြစ်ချောင်းများပေါ် ရေကာတာ စီမံကိန်းများကို တိုင်ပင်ညှိနှိုင်းခြင်းများနှင့် ပွင့်လင်း မြင်သာမှု မရှိပဲ လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


0 comments:

Post a Comment