Saturday, January 10, 2015

ကုမ္ပဏီများ စွန့်ပစ်မြေစာပုံ ပြို၍ အများအပြားသေဆုံး

 ရေမဆေးကျောက် ကောက်သူမား၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြေပြိုမှုကြောင့် သေဆုံးသွားသော ရခိုင်တိုင်းရင်းသား အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦးတို့ကို ဇန်နဝါရီလ ၈ ရက်က ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသော လူစာရင်းများ ရရှိရန် အနီးအနားရှိ ကျေးရွာများကိုလည်း လူပျောက်စာရင်းများ ကောက်ခံခဲ့သည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ညနေပိုင်းတွင် မြေပြိုခဲ့သော အနီးပတ်ဝန်းကျင်ရှိ ဘလခ၊ တောင်ပြို၊ မော်မောင်းစသည့် ကျေးရွာ သုံးရွာရှိ ရွာသားများကိုလည်း မိမိတို့ ကျေးရွာတွင် မိသားစုအလိုက် လူပျောက်ရှိလျှင် အကြောင်းကြားရန် စာရင်းကောက်ခံခဲ့သော်လည်း ယခုထိ လူပျောက်သည်ဟု သတင်း ပို့လာခြင်း မရှိသေးကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောသည်။

 “ကျနော်တို့ အတည်ပြုနိုင်တဲ့ လူ ၄ ယောက်စလုံး ရှာတွေ့ပါပြီ။ သူတို့ကို မနေ့က ၁၄ နာရီ ၁၅ မှာ တွေ့တယ်။ သူတို့ကတော့ ရခိုင်ပါဘဲ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကျနော်တို့ အဲဒီမှာ ထိစပ်နေတဲ့ ရွာသုံးရွာရှိတယ်။ ခုထိ သတင်းပို့တာ မရှိသေးဘူး” ဟု သူက ကချင်သတင်းဌာန ကို ပြောသည်။

ကျောက်စိမ်းကုမ္ပဏီများ၏ စုပေါင်း စွန့်ပစ်ထားသော မြေစာပုံဖြစ်ပြီး ရေမဆေးရှာဖွေသူများ၊ ဈေးဆိုင် ၇ ဆိုင်ခန့်ရှိသော်လည်း သေဆုံးသူများ မရှိကြောင်း သူက ဆက်ပြောသည်။

မြေပြိုမှုကြောင့် သေဆုံးသူများမှာ ရခိုင်လူမျိုးများဖြစ်ပြီး အသက် ၂၇ နှစ် ကို မျိုးနိုင်၊ အသက် ၂၂ ကို နိုင်လင်း၊ အသက် ၃၅ နှစ် ဒေါ်စန်းဌေး၊ အသက် ၂၃ နှစ် မသီတာတို့အား ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပြန်လည် တူးဖော်တွေ့ရှိခဲ့ပြီး မြေစာအောက်တွင် မြှုပ်နေသူများလည်း ရှိနေသေးသည်ဟု ဖားကန့်မြို့နယ် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့၏ အတွင်းရေးမှူး ဦးလွမ်းဒေါင်က ကချင်သတင်းဌာနကို ပြောသည်။

“အဲဒီမှာ ဈေးဆိုင် ၈ ခုလောက်ရှိတယ်။ အဲဒီမှာရှိနေတဲ့ ဈေးရောင်းတဲ့လူတွေ အားလုံးပါသွားတယ်၊ ပြန်ဖော်ရင် ထုတ်တဲ့ လူတွေက ပြိုတဲ့အထဲပါသွားမဲ့ အခြေအနေရှိနေလို့ ထပ်မဖော်ဖို့ ရပ်လိုက်တယ်။ ထုတ်မယ်ဆိုရင် ရသေးတယ်။ လူက ၁၅၀ ၊ ၁၆၀ လောက် ခန့်မှန်းခြေမြှုပ်အုန်းမယ်။ ဒါပေမဲ့ ဘယ်သူမှ မထုတ်တော့ဘူး” ဟု သူက ပြောသည်။

ထို့ပြင် မြေစာပုံအောက်တွင် မြှုပ်နေသည့် အလောင်းအများအပြားရှိနေနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသော်လည်း ဇန်နဝါရီလ ၉ ရက်တွင်မူ မြေတူးစက်များဖြင့် အလောင်းရှာဖွေ ဖော်ထုတ်မှုကိုလည်း ရပ်ဆိုင်းထားကြောင်း ဖားကန့်မှ ကချင်ပြည်သူအသံဖော်ဆောင်ရေးကော်မတီ တာဝန်ခံ ဆရာ လမောင်လတောင်က ပြောသည်။

“အဲဒီမှာ ပြောနေကြတာက အယောက် ၇၀၊ ၁၀၀ နီးနီး အဲဒီပတ်ဝန်းကျင် ရှိတယ်လို့ ပြောတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေ အလုပ်ဝင်လို့ ကောင်းတဲ့အချိန်ဖြစ်လို့၊ သူတို့ စီးသွားတဲ့ ဆိုင်ကယ်တွေ အဲဒီမှာ စုပုံပြီးတော့ ပိုင်ရှင်မရှိဘဲ ပိုနေတာကို ကြည့်ပြီးတော့ ခန့်မှန်းကြတာပေါ့” ဟု သူက ပြောသည်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ၂၀၁၂ ခုနှစ် မေလက ကျောက်လုပ်ငန်းများ ရပ်ဆိုင်းထားရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလက အစိုးရမှ ကျောက်စိမ်းမှော်အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကလည်း ဖားကန့် ကျောက်စိမ်းမော်တွင် အသက် ၂၀ နှစ် အရွယ် ဦးဂွမ်ဂျာအောင် ကို တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် ကုတ်မိ၍ ခန္ဓာကိုယ် အပိုင်းပိုင်းဖြင့် သေဆုံးခဲ့သည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် အစိုးရအကျိုးတူ ကုမ္ပဏီများ ဧရာမစက်ယန္ဒယားဖြင့်တူးဖော်နေသောကြောင့် မြေစာများ တောင်ကဲ့သို့ဖြစ်ကာ မကြာခဏ မြေပြိုခြင်း၊ ရေလမ်းကြောင်းပိတ်ဆို့၍ ရေကြီးမှုပြဿနာများ ဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများရင်ဆိုင်နေရသည်။


0 comments:

Post a Comment