Sunday, January 4, 2015

ကချင်၂ ပါတီ ပေါင်းစည်း၍ ပါတီသစ် ဖွဲ့

ဇန်န၀ါရီ ၂၊ ၂၀၁၅ မြစ်ကြီးနား စီတာပူ စိန်ပက်ထရစ်ခမ်းမ အစည်းအဝေးမှ KDP နဲ့ KNCD ကို Kachin National Congress ပါတီအဖြစ် ဖွဲ့စည်းလိုက်တယ်

ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကချင်ပြည်နယ် အမျိုးသားဒီမို ကရေစီကွန်ဂရက်ပါတီ (KNCD) နှစ်ပါတီတို့ ပူးပေါင်း၍ ကချင်အမျိုးသားကွန်ကရက် (KNC) အမည်ဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌ ဦးဂွမ်ဂေါင်အောင်ခမ်း (Slg. Gumgrawng Awng Hkam) က ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ စိန်ပက်ထရစ်ခမ်းမဆောင်တွင် ကျင်းပသော ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်သူလူထု၏ ဆန္ဒဖြင့် ပူးပေါင်းလိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ကချင်လူထုက ကျနော်တို့ ပါတီတွေကို ပူးပေါင်းဆောင်ရွက်ပြီးမှ တစ်ပါတီအဖြစ်ဘဲ မြင်လိုတယ်။  ကချင်လူထုအကျိုးကို ဆောင်ရွက်ဖို့ ပါတီတွေ ပူးပေါင်းခြင်း ဖြစ်တယ်။ ကျနော်တို့လည်း ပြည်သူနဲ့အတူ လက်တွဲပြီးမှ တပါတီထဲ သွားရင် ပိုပြီးကောင်းမွန်မယ်လို့ ယူဆပြီး ပူးပေါင်းခြင်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။

၎င်း ပါတီနှစ်ခုတို့သည် မိမိတို့၏ ပါတီအတွင်း ပုဂ္ဂိုလ်ရေးများကို အဓိကမထားဘဲ ကချင်ပြည်သူလူထု၏ သဘောဆန္ဒအမှန်ဖြစ်သည့် ပါတီပေါင်းစည်းရေးကိုသာ အလေးအနက်ထားကာ ကချင်အမျိုးသားကွန်ကရက် (KNC) ပါတီ အမည်သစ်တစ်ရပ်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့သည်ဟု ပြည်သူထုထုအား အသိပေးလိုကြောင်း အပါအဝင် အချက် ၄ ချက်ပါသော ကြေငြာချက်ကို ဇန်န၀ါရီလ ၂ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ပထမပတ်တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ‘ကချင်အမျိုးသားကွန်ဂရက် (Kachin National Congress)’ အမည်ဖြင့် ပါတီမှတ်ပုံတင်မည် ဖြစ်သည်။ ယင်းနောက် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဦးဂွမ်ဂေါင်အောင်ခမ်း (Slg. Gumgrawng Awng Hkam) က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီ (KNCD)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDPနှင့် လီဆူအမျိုးသား ဖွံ့ဖြိုးရေးပါတီ (LNDP) ပါတီ (၄) ပါတီအား ပေါင်းစည်းရန်အတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ဖားကန့်မြို့နယ် ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီက ပထမဆုံးအကြိမ်အဖြစ် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခု နိုင်ငံရေးပါတီ နှစ်ခု ပေါင်းစည်းနိုင်ခဲ့သဖြင့် ကျေနပ်မှုရှိသည်ဟုကော်မတီ၏ ဥက္ကဌ ဦလမောင်လတောင် (Lamawng La Tawng) က ပြောသည်။

“ကျနော်တို့ ကချင်ပါတီအားလုံး ပေါင်းဖို့ ကြိုးစားလာခဲ့တာ ဖြစ်တယ်။ နောက်ဆုံးတော့ ကျန်တဲ့ နှစ်ပါတီဘဲ ပူးပေါင်းသွားတယ်။ ဘာဘဲဖြစ်ဖြစ် ပူးပေါင်းသွားတယ်ဆိုရင် ကျေနပ်ပြီ။ ကျနော်တို့ ဦးတည်ချက် အောင်မြင်တယ်လို့ဘဲ သတ်မှတ်ပါတယ်” ဟု သူက ပြောသည်။

သို့သော် လီဆူအမျိုးသား ဖွံ့ဖြိုးရေးပါတီ (LNDP) ပါတီကမူ တစ်နိုင်ငံလုံး အတိုင်းအတာ ဖွဲ့စည်းထားခြင်း ဖြစ်၍ ပါတီများ ပေါင်းစည်းရန် သဘောမတူခဲ့သလို၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ကလည်း ပါတီများ ပူးပေါင်းရန် အချိန်လုံလောက်မှု မရှိတော့သဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပါတီများပေါင်းစည်းရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်က ကြေငြာချက် ထုတ်ပြန်ထားသည်။

ကချင်နိုင်ငံရေးပါတီများ တစ်ခုတည်းဖြစ်စေရေး ကြိုးပမ်းရန် ကချင်တိုင်းရင်းသားများဖြစ်သော ဂျိန်းဖော့၊ လောင်ဝေါ၊ ရ၀မ်၊ လချီ(လချိတ်)၊ အဇီး(ဇိုင်ဝါး)၊ လီဆူ ကချင်မျိုးနွယ်စုများမှ ကော်မတီဝင် ၁၁ ဦးပါ ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာကစတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၄င်းကချင်ပါတီ ၄ ခု နှင့် တိုင်းလိုင်ခေါ်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (၅) ပါတီတို့ တရားဝင် တည်ထောင်ခွင့် ရရှိထားပြီး ဖြစ်သည်။



0 comments:

Post a Comment