Monday, January 5, 2015

KIO နှစ်သစ်ကြိုဆိုဝတ်ပြုခြင်း ပြုလုပ်

Kachin Baptist Church in Laiza, the headquarters of KIO

၂၀၁၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်းနှင့် နှစ်ဟောင်းမှ ရရှိသော ကျေးဇူးချီးမွမ်းခြင်း ဆုတောင်းပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာရှိ မနောကွင်းတွင် ဇန်န၀ါရီလ ၃ ရက်က ကျင်းပခဲ့သည်ဟုလိုင်ဇာမြို့မှ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး လဝေါနော်ဆန့် က ပြောသည်။

“ဒီမနက် ၈ နာရီ ၁၀ မိနစ်ကနေစတာ ၁၀ နာရီ ၂၀ မိနစ်မှာ ပြီးတယ်။ အဲဒီအခမ်းအနားမှာ လူငယ်တွေ၊ ကချင်ရိုးရာ အကအဖွဲ့တွေ သီချင်းဆိုကြတယ်။ ကျနော်တို့ ဘာသာပေါင်းစုံက စုပေါင်းပြီးတော့ အခမ်းအနားပွဲတွေ မလုပ်နိုင်ခဲ့ပေမဲ့ အခု နှစ်သစ်မှာ အားလုံး စုပေါင်းပြီးတော့ ဆုတောင်းပွဲ ကျင်းပတာ ဖြစ်တယ်” ဟု သူက ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်မတိုင်မီ လူစုလူဝေးဖြင့် အခမ်းအနားများ မပြုလုပ်ရန်နှင့် ယင်းကာလအတွင်း စစ်ရေးသတိရှိကြရန် KIO ကသတိပေးကြေငြာချက် ထုတ်ပြန်ခဲ့သဖြင့် KIO ထိန်းချုပ်နယ် မြေအတွင်းရှိ ပြည်သူထုများနှင့် စစ်ပြေး ဒုက္ခသည် စခန်းများတွင် အခမ်းအနားများ မပြုလုပ်ခဲ့ပေ။

၂၀၁၄ ခုနှစ်အတွင်း ခံစားခဲ့ရသော အကျိုးကျေးဇူးများကို ဂုဏ်ပြု ချီးမွမ်းခြင်း၊ တစ်နှစ်လုံး ပြစ်မှားခဲ့သော အပြစ်များကို အပြစ်ဝန်ချတောင်းပန်ဆုတောင်းခြင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းတိုင်းအား ဘုရားသခင်မှ ကာကွယ် စောင့်ရှောက်ပေးပါရန် အဓိက အချက် ၃ ချက်ကို အဓိက ဆုတောင်းခဲ့ကြသည်ဟု ဗိုလ်မှူးကြီး လဝေါ်နော်ဆန့် ကပြောသည်။

ကချင်ပြည်သူလူထုနှင့် ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်မှု ရရှိသလို၊ လာမည့် အစိုးရနှင့် KIO အပါအဝင် တခြားသော တိုင်းရင်းသားများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှု အောင်မြင်လိမ့်မည်ဟု မျှော်လင့်သည်ဟု သူက ပြောသည်။

ထိုဆုတောင်းပွဲတွင် KIO ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လိုင်ဇာမြို့ခံများနှင့် စစ်ပြေးဒုက္ခသည်များ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁ ရက်က ကေအိုင်အို ဥက္ကဌ ဦးဇောင်းဟရား၏ ၂၀၁၅ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရန်အတွက် ဘာသာရေးပေါင်းစုံ၊ အမျိုးသမီးများ၊ လူငယ်များ၊ ယဉ်ကျေးမှုနှင့် ကေအိုင်အိုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကြိုးပမ်း နိုင်ခဲ့သဖြင့် ပါဝင်သူများအားအပေါ် ဂုဏ်ပြုကြောင်း လာမည့် ၂၀၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်သည်။

စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်းနှင့် စစ်ပြေးဒုက္ခသည်များကို အကူအညီများကို မြန်မာအစိုးရမှ ၃ လခန့်ကြာ ပိတ်ပင်ထားသဖြင့် ဒုက္ခသည်များ၏ အစားအသောက်နှင့် အခြားပစ္စည်းများ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး လက်နက်တစ်ခုအနေဖြင့် အသုံးချနေမှုကို နိုင်ငံတကာ သိရှိရန် အားလုံး ဝိုင်းဝန်းကြိုးပမ်းရန် တိုက်တွန်းထားသည်။

တိုင်းပြည်နှင့်လူမျိုးအတွက် အေးချမ်းသည့် ဆောင်းတွင်းကာလတွင် တောတောင်များကြား ရှေ့တန်းသို့ ရောက်နေသော ရဲဘော်များကိုလည်း ဂုဏ်ပြုကြောင်း မိန့်ခွန်းတွင် ပါရှိသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသည် အဖြေမဟုတ်ဘဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ထည့်သွင်း ဖော်ပြထားသည်။



0 comments:

Post a Comment