Saturday, January 10, 2015

ကချင်ပြည်နယ် မနောပွဲသို့ သမ္မတ တက်ရောက် ခရစ်ယာန်ခေါင်း ဆောင်များနှင့်လည်း တွေ့ဆုံ


ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့များ ဇန်နဝါရီလ ၁၀ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲတော်သို့ တက်ရောက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် တွေ့ဆုံခဲ့သည်ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာခလမ်ရှံဆုန် (Rev. Dr. Hkalam Samson)က ပြောသည်။

ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးသိန်းဇော်၊ ဒုဗိုလ်ချုပ် စိုးဝင်းတို့ ပါဝင်သော အစိုးရအဖွဲ့များသည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ကျင်းပနေသော မနောပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးသို့ ၄၅ မိနစ်ခန့်ကြာ တွေ့ဆုံမှုတွင် ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရန် လုပ်ဆောင်နေသည့်အကြောင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“ဖယ်ဒရယ်ပြည်ထောင်စုဖြစ်အောင် အတူတကွ လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ပြောသွားတယ်။ ကျနော်ကတော့ အထူးသဖြင့် ဒီလို ပြည်နယ်နေ့မှာ ကျနော်တို့ကို သတိရပြီး လာရောက်လည်ပတ်တဲ့ အကြောင်းကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ ကျနော်တို့ ကချင်လူထုတွေ အားလုံး မျော်လင့်နေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့အတွက် ကျနော်တို့ ဆက်လက် မျော်လင့်နေပါတယ်ဆိုတာကို တင်ပြခဲ့တယ်” ဟု သူက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် KBC သို့ အလှူငွေ ကျပ် ၁၀ သိန်းနှင့် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ် စိုးဝင်းကလည်း ကျပ် ၅ သိန်းတို့ကို အလှူငွေ ပေးအပ်ခဲ့သည်ဟု သူက ပြောသည်။ မွန်းလွဲ ၂ နာရီတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သည် မြစ်ကြီးနားမြို့မှ ပြန်လည် ထွက်ခွာသွားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ကိုယ်ရေးအရာရှိသစ်ကိုကလည်း သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တို့သည် မနောပွဲသို့ တက်ရောက်၍ မြစ်ကြီးနားမြို့ရှိ ဝန်းသိုဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပြီးနောက် KBC နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သူက ပြောသည်။

မနောပွဲ ကျင်းပရန် ကန့်ကွက်သော ကချင်လူငယ်များ ဦးဆောင်၍ မြစ်ကြီးနားမြို့ နောင်နန်းရှိ (AD-2000 Hall) ခန်းမတွင် ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် ဆုတောင်းဝတ်ပြုပွဲ ကျင်းပခဲ့သည်ဟု ဒေါက်တာခလမ်ရှံဆုန်က ပြောသည်။

ထိုအခမ်းအနားတွင် ကချင်ပြည်သူလူထု ၃၀၀၀ ကျော်တက်ရောက်ခဲ့ကာ KBC နှင့် ကက်သလစ်ဘာသာရေး ခေါင်းဆောင်များက ကချင်ပြည်နယ်နေ့ အထိန်းအမှတ် အထူးဆုတောင်းခြင်း၊ ကချင်ပြည်နယ်နေ့ ပေါ်ပေါက်လာပုံသမိုင်းကို ဟောပြောခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ဒရယ် ပြည်ထောင်စု ပီပီပင်ပင်ရှိဖို့ အရေးတွေကို ပြောဆိုပြီးတော့ ဆုတောင်းကြပါတယ်။ ကချင်ပြည်နယ်နေ့က လွတ်လပ်ရေးရပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ ပေါ်ပေါက် လာတယ်။ ဒီလို ပေါ်ပေါက်လာသလို ကချင်ပြည်နယ်သာမက မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသားများအားလုံး မျှော်လင့်နေတဲ့ ပင်လုံကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးကို အမြန်ရောက်ချင်တာပေါ့နော်။ အခု ၆၇ နှစ်တောင် ပြည်နယ်နေ့ ကျင်းပနေပေမဲ့ အဲဒီအခြေခံမှာပါတဲ့ အရာက မျော်လင့်နေရတုန်းဘဲ” ဟု ဒေါက်တာခလမ်ရှံဆုန်က ပြောသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်၍ “ကချင်ပြည်နယ်နေ့” အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် စတင်ကျင်းပခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် လေးနှစ်ကြာ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်များ ရှိနေခြင်းနှင့် ပြည်နယ် ငြိမ်းချမ်းမှု မရှိသေးသဖြင့် မနောပွဲ ကျင်းပမှုကို ကချင်ပြည်သူလူထုက ကန့်ကွက်ခဲ့သော်လည်း ဇန်ဝါရီလ ၅ ရက်က မနောကွင်း ဖွင့်လှစ်ခဲ့ရာ မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်ထိ မနောပွဲ ကျင်းပမည် ဖြစ်သည်။


0 comments:

Post a Comment