Wednesday, January 14, 2015

အစိုးရနှင့် ကချင်တပ်ဖွဲ့များကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂၊ ၃၆၊ ၃၈ ဒေသအတွင်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်ကြီးဇော်လ ကပြောသည်။

မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အကြား အစိုးရ၏ စစ်တပ်များ ၂၀၁၅ နှစ်ဆန်းပိုင်းမှစတင်၍ စစ်အင်အားဖြည့်တင်းမှုများ ရှိနေခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်က တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ၎င်းနေရာတွင် အစိုးရဘက်မှ ဒကစ (၁၀) မှ တပ်ဖွဲ့များလှုပ်ရှားနေခြင်း ဖြစ်သည်ဟု ပြောသည်ဟု သူက ပြောသည်။

“နှစ်ဆန်းကနေ စပြီး ကွတ်ခိုင်လမ်း၊ ဆင်လီလမ်း၊ မူဆယ်လမ်းဘက်ကနေ ထပ်ဖြည့်လာတာ တွေ့ရတယ်။  တိုက်ပွဲက မနေ့ကနေ စဖြစ်တယ်။ သူတို့အစိုးရဘက်က စစ်ကြောင်းတွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ သုံးတယ်” ဟု ဗိုလ်ကြီး ဇော်လ က ပြောသည်။

ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်လည် ငြိမ်နေခဲ့သော်လည်း ညနေပိုင်းတွင်မူ မုန်းဂိုးမြို့နယ်အတွင်း အစိုးရ စစ်တပ်အင်အားဖြည့်တင်းမှုများ ရှိနေသည်ဟု သူက ပြောသည်။

“ညနေပိုင်းမှာတော့ လက်နက်ကြီးသယ်လာတဲ့ကားနဲ့ အင်အား ပြန်ထပ်ဖြည့်လာတယ်။ အင်အားဖြည့်တာကို ကြည့်ရင် တိုက်ပွဲက ပြင်းထန်မဲ့ အခြေအနေရှိနေတယ်” ဟု သူက ပြောသည်။

တိုက်ပွဲ ပြန်လည် ဖြစ်ပွားရခြင်းသည် KIO က ယခုနှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ဘိန်းများ ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာသည်ကို အစိုးရ စစ်တပ်က မလိုလားခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးဇော်လက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်၍ မူဆယ်၊ ကွတ်ခိုင်ကားလမ်းအတိုင်း အစိုးရ စစ်တပ်များ အင်အားဖြည့်တင်းမှုများ ရှိခဲ့ပြီး ယမန်နေ့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။

နှစ်ဖက်တိုက်ပွဲအခြေအနေနှင့် ထိခိုက်ကျဆုံးမှုကို အတည်ပြုချက်မရရှိသေးပါ။ အစိုးရ နှင့် KIA တို့အကြား ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားရခြင်း ဖြစ်သည်။



0 comments:

Post a Comment