Thursday, January 8, 2015

မနောပွဲသို့ ဒေသခံများ တက်ရောက်ပါဝင်မှု အားနည်း

 67 နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပနေပုံ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ဇန်နဝါရီလ ၈ ရက်က မနောပွဲကသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်လာသူများ ယခင်နှစ်များထက် လျော့နည်းနေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် အစိုးရက ဦးစီးကျင်းပမှုကို ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့်ကြားက မနောပွဲကို ဆက်လက် ကျင်းပနေသော်လည်း ပွဲတက်ရောက်လာသူများ နည်းပါးကာ မနောကသူများလည်း လျော့နည်း သွားသည်ဟု ကချင်အတိုင်ပင်ခံကောင်စီ (WMR) အထွေထွေ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

“မနောပွဲက အရင်ထက်စာရင် ၄ ပုံတပုံလောက်ဘဲ လာတယ်။ ဘာလို့လဲ ဆိုတော့ အရင်က လမ်းလျှောက် လို့တောင်မရဘူး။ အရင်က ဆိုင်ကယ်၊ ကားမပြောနဲ့ လူသွားလူလာတောင် အရမ်းခက်တာ။ အရင်ကိုလို လူမစည်ဘူး” ဟု သူက ပြောသည်။

ထိုမနောပွဲသို့ ကချင်လူထုများ တက်ရောက်လာခြင်း မရှိသဖြင့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသားများသာ မနောပွဲသို့ တက်ရောက်နေသည်ဟု သိရကြောင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု လူငယ် ဗဟိုကော်မတီဝင် ကိုယော်ဆမ်က ပြောသည်။

“လူက သိပ်မလာကြဘူး။ ကျနော်တို့ ကချင်လူထုက ဘယ်သူမှ မသွားဘူး။ ကျောင်းသားတွေနဲ့ ဌာနဆိုင်ရာအားလုံးကို ခေါ်တယ်လို့ ကြားတယ်။ တခြားလူမျိုးတွေဘဲ သွားတာ များတယ်” ဟု သူက ပြောသည်။

၎င်းတို့သည် ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ရှိနေပြီး ငြိမ်းချမ်းမှု မရသေးသဖြင့် မနောပွဲ တက်ရောက်မည် မဟုတ်ကြောင်း အစောပိုင်းက ပြောဆိုထားသော်လည်း မနောပွဲဖြစ်မြောက်ရေးကော်မတီက ယနေ့ ထပ်မံ ဖိတ်ခေါ်ခဲ့သည်။ သို့သော် မတက်ရောက်ခဲ့ကြောင်း သူက ပြောသည်။

ဇန်နဝါရီလ ၅ ရက်စတင်၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ တကြိမ်နှင့် ညနေ ၂ နာရီချိန်တွင် တကြိမ် မနောပွဲ ကပြခဲ့ရာ လူပေါင်း ၅၀၀၀ ခန့် တက်ရောက် ကပြခဲ့သည်ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ  ဦးလခရိလအောင်က ပြောသည်။

ထိုမနောပွဲ တက်ရောက်ရန်အတွက် မြစ်ကြီးနားမြို့နယ်ရှိ တစ်ရပ်ကွက်လျှင် လူ ၅၀ ဦးနှင့် ကျေးရွာတစ်ရွာတွင် လူ ၅၀ တက်ရောက်ရန် ဌာနဆိုင်ရာ အုပ်ချုပ်ရေးလူကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။

မနောပွဲဖြစ်မြောက်ရေးကော်မတီက ကချင်လူမှုအဖွဲ့အစည်းများ အပါအဝင် ဖိတ်စာ ၃၀၀၀ ကျော် ဖိတ်ကြားထားပြီး လက်ရှိ မနောပွဲသို့ တရုတ်နိုင်ငံမှ ရောက်ရှိလာသော ဧည့်သည် ၃၀၀ ကျော်နှင့် အိန္ဒိယနိုင်ငံမှ လူပေါင်း ၃၅ ဦး တက်ရောက်လာသည်ဟု သူက ပြောသည်။ မနောပွဲကို လာမည့် ဇန်နဝါရီလ ၁၁ ရက်ထိ ကျင်းပမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် လေးနှစ်ကြာ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ်တွင် ပြည်နယ်အစိုးရက ဦးစီးကျင်းပနေသဖြင့် ကချင်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။


0 comments:

Post a Comment