Tuesday, January 27, 2015

အစိုးရထိုးစစ်ကြောင့် KIA စခန်းတခု ထပ်ဆုတ်

 KIA တပ်မဟာ ၄ ဌာနချုပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)တို့ ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် KIA ၏ ရှေ့တန်းစခန်းတခုမှ ဆုတ်ခွာပေးလိုက်ရသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အကြားရှိ KIA ၏ တပ်မဟာ ၄ တပ်ရင်း ၉ လက်အောက် တပ်ခွဲ ၂ ၏ ရှေ့တန်းစခန်း ဆုတ်ပေးလိုက်ခြင်းမှာ အစိုးရ စစ်တပ် စကခ (၁) လက်အောက်ခံ တပ်ရင်း ၃ ရင်းခန့် ထိုးစစ်ဆင်လာသဖြင့် အင်အားမညီမျှသဖြင့် ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က ၈ နာရီထိ တိုက်ပွဲဖြစ်တာဘဲ။ မနေ့က ကျနော်တို့ ရှေ့တန်းစခန်းတခု ဆုတ်ပေးလိုက်တော့ ဒီနေ့က တိုက်ပွဲဖြစ်တယ်လို့ မကြားဘူး။ Law Hkum Dingsa (လော့ခွမ်ဒိန်ဆာ) ဆိုတဲ့ post ဆုတ်ပေးလိုက်တာ။ အဲဒီမှာက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းလည်းရှိတယ်။ အဲဒါတွေ ထိခိုက်လာမှာစိုး၊၊ အင်အားလည်း မမျှဘူးဆိုတော့ ဆုတ်ပေးလိုက်တာပါ” ဟု တပ်မဟာ ၄ မှ အရာရှိတစ်ဦးက ပြောသည်။

မူဆယ်-လားရှိုး-နမ့်ခမ်း ကားလမ်း (ပြည်ထောင်စုလမ်းမ) ၏ အနောက်ဘက်ခြမ်းရှိ KIA ၏ တပ်ခွဲ ၂ နယ်မြေအတွင်း ယမန်နေ့ နံနက်ပိုင်းမှ ည ၈ နာရီချိန်ထိ အစိုးရ စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခဲ့ခဲ့သဖြင့် ဆုတ်ခွာပေးလိုက်ရသည်ဟု ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ကြာမှစတင်၍ KIA ၏ တပ်ရင်း ၂၊ ၃၆၊ ၃၈ ဒေသများတွင်လည်း စကခ (၁) လက်အောက်ခံ တပ်ဖွဲ့များနှင့် နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေသည်ဟု တပ်မဟာ ၄ မှ ဗိုလ်ကြီး ဇော်လ ကပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာတွင် အစိုးရနှင့် KIA တို့အကြား ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ပထမဆုံး အကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


0 comments:

Post a Comment