Friday, January 16, 2015

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိ

ဖားကန့် KIA တပ်ရင်း ၆ စစ်သားများ ဆုတောင်းနေကြပုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ သတင်းရေးသားချိန် (ညနေ ၆ နာရီ) ထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG ) မှ တာဝန်ခံ ဦး စာဂျီက ပြောသည်။

“ဒီညနေ ၂ နာရီလောက်ကနေ တိုက်ပွဲ ဆက်တိုက် ပြန်ဖြစ်လာတဲ့သဘောပါဘဲ။ အဲဒီ ဥရုချောင်းဖျားပိုင်း ဂွေခါ၊ နမ်မှော်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ်လာတယ်လို့ ကြားတယ်။ ကေအိုင်အေက ပြန်ခုခံတဲ့ သဘောဖြစ်နေပြီ။ အဲဒီလို ဆိုရင်တော့ စစ်သားနှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် တိုက်တော့မယ်ထင်တယ်။ ဖားကန့်နယ်ခံတွေ ပြောတလောက်ဆိုရင် တိုက်ပွဲတော့ ပြင်းထန်မဲ့ပုံရှိနေတယ်” ဟု သူက ပြောသည်။

KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့် ကလည်း ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲနှစ်ဖက်တပ်များအကြား အသင့်အနေအထား ရှိနေသည်ဟု ယနေ့ နံနက်ပိုင်းက ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီခွဲမှစတင်၍ ညနေ ၆ နာရီထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောင်ဘာလေကျေးရွာ အနီး တဝိုက် အစိုးရ စစ်တပ်က နေရာယူထားပြီး ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့ပြင် တိုက်ပွဲအတွင်း ပိတ်မိနေသော အောင်ဘာလေ (သန်းခေါင်) ကျေးရွာသား ၁၀၀၀ ခန့်ကိုလည်း အစိုးရ စစ်တပ်က ယနေ့ ဇန်နဝါရီလ ၁၆ ညနေ ၆ နာရီခန့်တွင် ကျေးရွာမှ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ဦးစာဂျီးက ပြောသည်။

ဇန်ဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြောင်း စစ်ဆေးကြည့်ရှုရန် သွားရောက်မှုတွင် ပါဝင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား KIA တပ်ရင်း ၆ လက်အောက်ခံ တပ်ဖွဲ့များက ဖမ်းဆီးထားရာမှ ဇန်နဝါရီလ ၁၅ ရက်တွင်မူ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုရဲတပ်ဖွဲ့ သုံးဦးကို ပြန်လည် လွှတ်ပေးခြင်းမရှိသေးဘဲ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင်  KIO ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့နှင့် အစိုးရ ပဋိပက္ခညှိနှိုင်းရေး ခေါင်းဆောင်များအကြား စာဖြင့် ညှိနှိုင်း ဆွေးနွေးနေသည်ဟု သိရကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြေသည်။

အစိုးရ စစ်တပ်က မြစ်ကြီးနား-မိုးကောင်း-ဖားကန့်ကားလမ်းပေါ်ရှိ ဖြတ်သန်းသွားလာနေသော ကားများကို ကားမိုင်းမြို့တွင် ယမန်နေ့မှစတင်၍ ဖြတ်သန်းခွင့် မပြုသဖြင့် ခရီးသည်များနှင့် ကားသမားများကို တားမြစ်မှုများ ရှိနေသည်ဟု သူက ဆိုသည်။

ဦးစာဂျီးကလည်း “စစ်တပ်က ဖားကန့်ဘက်လည်း တက်မရ။ လမ်းမှာ ကား ၃၊ ၄ ရာကို ကားမိုင်းမှာ တားထားတယ်။ ခရီးသည်တွေ တော်တော်ကို ဒုက္ခရောက်နေကြတယ်။ ခရီးသည်တွေ တော်တော်ကို အခက်အခဲ ကြုံနေရတယ်” ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက် ညနေ ၆ နာရီခန့်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာဘဲ ဖားကန့်မြို့နယ် လုံးခင်း ရဲစခန်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲဝန်ထမ်း မိသားစုဝင် လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လုံးခင်းရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA က ရဲတပ်ဖွဲ့ သုံးဦးကို ဖမ်းဆီးထားခြင်းကြောင့် ပြန်လည် လွှတ်ပေးရန် KIO ၏ နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် ပဋိပက္ခ ညှိနှိုင်းရေးရုံးကိုအကြောင်းကြားထားပြီး တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု အစိုးရ၏ ပြန်ကြားရေးဌာနက ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း KIA နှင့် အစိုးရ စစ်တပ်တို့အကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်က တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



0 comments:

Post a Comment