Saturday, January 24, 2015

ကချင်ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သတ်ခံရမှု အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို

 ဇန်နဝါရီလ ၂၄၊ မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများက ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့တယ်

ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန် အပါအဝင် မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများ ဇန်နဝါရီလ ၂၄ ရက်က တောင်းဆိုလိုက်သည်။

လက်ရှိ ကချင်ပြည်နယ်အရေးနှင့် မြန်မာ့နိုင်ငံရေးအတွက် ဆန္ဒဖော်ထုတ် ဆုတောင်းခြင်း အခမ်းအနားကို မလေးရှားနိုင်ငံရောက် ဖယ်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (AFD) က မလေးရှားနိုင်ငံ Senthang Christian Fellowship ဘုရားကျောင်းတွင် မလေးရှာနိုင်ငံရောက် ၈၈ ကျောင်းသားများ၊ အမျိုးသား ဒီမိုကရေကရေစီ အဖွဲ့ချုပ် (NLD)၊ ကချင်အဖွဲ့များ အပါအဝင် နိုင်ငံရေး (၇) ဖွဲ့တို့က စုပေါင်း၍ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ၍ ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကချင်ပြည်ကလည်း ကျနော်တို့ ညီအစ်ကိုတွေဖြစ်တယ်။ အဲဒီမှာ ဒီလို မဒိန်းမှုတွေက ခဏခဏ ဖြစ်နေတယ်။ မဒိန်းမှုတွေကို ဒီတစ်ကြိမ်ဘဲ မဟုတ်ဘူး။ တချို့အရာတွေက အွန်လိုင်းပေါ်မရောက်ဘဲနဲ့ ပျောက်ကွယ်သွားတဲ့ အရာတွေ အများကြီး ရှိတယ်။ ကျနော်တို့ ကြားသိရတာ အများကြီးရှိတာ။ ဒီလိုအရာမျိုး ခဏခဏ ဖြစ်တာက ဆိုးဝါးတဲ့အလုပ်ဆိုတော ကျနော်တို့ခံစားတယ်။ လုံးဝ မဖြစ်သင့်ဘူး ဆိုတဲ့အရာကို ဖော်ထုတ်ချင်တာ” ဟု AFD ၏ အလှည့်ကျ ဥက္ကဌလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောဟန်က ပြောသည်။

ကချင်ကျောင်းဆရာမ နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်မှ ထိုးစစ်ဆင်နေမှုကို အမြန်ဆုံး ရပ်တန့်ရန်၊ ဗကသ ကျောင်းသားများအား ရိုက်နှိုက်ခံရမှုအပေါ် ရှုံ့ချကြောင်း အပါအဝင် အချက် (၅) ချက်ပါ ကြေငြာချက်ကို ဇန်နဝါရီလ ၂၄ ရက်က ထုတ်ပြန်လိုက်သည်ဟု သူက ပြောသည်။

ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင်ခံရ၍ သေဆုံးခဲ့မှုအပေါ် ကချင်အမျိုးသားများနှင့်ထပ်တူ ခံစားရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ဗကသ ကျောင်းသားများ၏ လှုပ်ရှားမှုများကို အပြည့်အဝ ထောက်ခံကြောင်းနှင့် ကျောင်းသားများ၏ လှုပ်ရှားမှုများကို ပြည်သူလူထုကလည်း ဝိုင်းဝန်းအားပေးကြရန် အဓိက တောင်းဆိုထားသည်ဟု ကိုယောဟန်က ပြောသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမြန်ဆုံး ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပြုလုပ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲပေးရန်၊ ၂၀၁၅ ရွေးကောက်ပွဲအား တရားမျှတစွာ တစ်နိုင်ငံလုံးတွင် ကျင်းပပေးရန်နှင့် နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများအား အပြည့်အဝ အကာအကွယ်ပေးရန် ကြေငြာချက်တွင် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုင်းရင်းသားပြည်သူများအား တရားလက်လွတ်ဥပဒေမဲ့စွာ အကြမ်းဖက်စော်ကားမှုများ အမျိုးသမီးတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် အလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများစွာ ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

AFD တို့၏ ဆန္ဒဖော်ထုတ် ဆုတောင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၁ နာရီမှ ၄ နာရီထိ ကျင်းပမှုတွင် ဗုဒ္ဓဘာသာမှ ဘုန်းကြီးတစ်ပါး သြဝါဒ ပေးခြင်းနှင့် တက်ရောက်လာသော အဖွဲ့အစည်း အသီးသီး၏ သဘောထား ထုတ်ပြန်ချက်များကို ဖတ်ကြားခဲ့သည်ဟု သူက ဆိုသည်။ လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ကျောင်းဆရာမ မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့ ဇန်နဝါရီလ ၁၉ ၇က်ညတွင အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်က သေဆုံးသူ ဆရာမ နှစ်ဦးအလောင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KBC ၏ အေဒီ ၂၀၀၀ ခန်းမတွင် ဆုတောင်းဝတ်ပြုမှု ပြုလုပ်မှုတွင် ကချင်လူထု သောင်းနှင့်ချီ လိုက်ပို့၍ ဂျော်ဘွမ်သုဿန်သို့ သဂြိုလ်လိုက်ပြီ ဖြစ်သည်။ ဆရာမ နှစ်ဦးသေဆုံးမှုသည် လက်ရှိ အစိုးရအပေါ် တာဝန်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက တောင်းဆိုထားသလို၊ အမှုမှန် ပေါ်ပေါက်ရန်အတွက် သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် အမျိုးသမီးအဖွဲ့များက တောင်းဆိုထားသည်။



0 comments:

Post a Comment