Sunday, January 11, 2015

ရာသီဥတု အအေးလွန်သဖြင့် ဒုက္ခသည်များ ကျန်းမာရေး ဆိုးဝါး

ယခင် NDA-K ဌါနချုပ် ပန်ဝါ၊ ကချင်ပြည်နယ် အရှေ့ဖက်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်နယ်ခြားမှတ်တိုင် ၆ ဖရဲ စစ်ပြေးဒုက္ခသည်စခန်းတွင် ရာသီဥတုအေးလွန်းသဖြင့် ဒုက္ခသည်ကလေးများ ကျန်းမာရေးဆိုးဝါးနေသည်ဟု KIO မှ စစ်ပြေး ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

“မနေ့က ရတဲ့သတင်းရတာက တစ်နေ့က ကလေးတယောက်ဆုံးသွားတယ်။ မနေ့ကလည်း ဆေးရုံကို ၃၊ ၄ ယောက် တရုတ်နိုင်ငံ Tengchong ဆေးရုံသို့ ပြန်တင်လိုက်တယ်လို့ ပြောတယ်” ဟု ဦးဒွဲပီဆာက ပြောသည်။

KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နှင့် ၃၃ အနီးရှိ ဖရဲဒုက္ခစခန်းတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် ကလေးငယ် ၃၊ ၄ ဦးသည် ကျန်းမာရေးဆိုးဝါးလာသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Tengchong ဆေးရုံသို့ သွားရောက် ကုသနေရသည်ဟု သူက ပြောသည်။ ၄င်းစစ်ပြေးဒုက္ခသည်စခန်းသို့ ဆက်သွယ်ရန် ခက်ခဲသဖြင့် ထပ်မံ ဆက်သွယ် မေးမြန်း၍ မရသေးကြောင်း ဦးဒွဲပီဆာက ဇန်နဝါရီလ ၁၀ ရက်က ပြောဆိုခဲ့သည်။

၎င်းဖရဲဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၉၀၀ ကျော်ရှိပြီး လက်ရှိ အစားအသောက်များ၊ အဝတ်အထည်များ ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ထောက်ပံ့ပေးနေသဖြင့် အစားအသောက်အတွက် အလွန် ခက်ခဲခြင်း မရှိသေးကြောင်း သူက ပြောသည်။

KIO က ဆေးပေးခန်း၊ မူလတန်းကျောင်းများဖွင့်လှစ်ပေးထားသည်ဟု သူက ပြောသည်။ လက်ရှိ ဖရဲနှင်းများ ထူထပ်ခြင်းကြောင့် သောက်သုံးရေ ခက်ခဲသည်ဟုသူက ပြောသည်။ ယခင်နှစ် များတွင်လည်း ယခုကဲ့သို့ရာသီဥတု အေးသော်လည်း ယခုနှစ်မူ ရာသီဥတုပိုမိုဆိုးရွာနေခြင်း ဖြစ်သည်ဟု ဦးဒွဲပီဆာက ပြောသည်။

ဖရဲဒုက္ခသည်စခန်းမှ ကလေးငယ် နှစ်ယောက် တရုတ်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် သွားရောက်နေသည်ဟု ရာသီဥတု အလွန်အေးပြီး ဒုက္ခသည်ကလေးများ ဖျားနာမှုများ ရှိနေသည်ဟု ဖရဲဒုက္ခသည်စခန်းအနီးတွင် အခြေစိုက်ထားသော KIA  တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နှင့် ၃၃ မှ ဗိုလ်မှူးကြီး တစ်ဦးက ပြောသည်။

“အခုအချိန် အရမ်းအေးနေတယ်။ နှင်းကျတာ ၂ ရက် ၃ ရက်ရှိပြီ။ မနေ့က ဆေးရုံကို ၂ ယောက်တော့ သွားလိုက်ပြီ။ ဝမ်းသွားတယ်။ ဝမ်းသွားပြီး သွေးပါတယ်လို့ ပြောတယ်။ တယောက် ဆေးရုံးတက်နေတယ်။ ဘာဖြစ်လဲတော့ မသိဘူး” ဟု သူက ကချင်သတင်းဌာနကို ပြောသည်။

ဖရဲဒုက္ခသည်စခန်းမှ တာဝန်ရှိသူက ကလေးများ ဖျားနာမှုများ ရှိနေသည်ကို KBC ရုံးသို့ ဇန်နဝါရီလ ၁၀ ရက်က အကြောင်းကြားခဲ့သော်လည်း ဆက်သွယ်မှု ခက်ခဲသဖြင့် အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိခဲ့ကြောင်း ယူနန်ပြည်နယ် Yinjiang မြို့ရှိ KBC တာဝန်ခံ ဆရာမ ဒေါ်ကော့နန်က ပြောသည်။

“မနေ့က နှင်းတွေအရမ်းချပြီးတော့ ကလေးတွေ ဖျားနေတယ်။ မနေ့က တရုတ် ဆေးရုံရောက်နေကြပြီဆိုပြီး ပြောလာတယ်။ အသေးစိတ်မေးဖို့ သူတို့ဘက်ကနေ ဆက်သွယ်ဖို့ ခက်နေတယ်” ဟု ကချင်သတင်းဌာနကို ပြောသည်။ KBC က ထိုဖရဲဒုက္ခသည်စခန်းသို့ အစားအသောက်များ ထောက်ပံ့ပေးနေသော်လည်း လက်ရှိ ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သူက ပြောသည်။

အလားတူ တရုတ်နယ်စပ်မှတ်တိုင် ၈ တွင်လည်း ယခုရက်ပိုင်းအတွင်း နှင်းခဲများ ၂ ပေခန့်ထိ ထူထပ်နေပြီး ရာသီဥတု အလွန်အေးသဖြင့် သွားလာရေး ခက်ခဲနေသည်ဟု နယ်ခြားမှတ်တိုင် ၈ တွင် ဒုက္ခသည် စခန်းများအား ကူညီပေးနေသော KBC မှ ဆရာ ဘောက်လာ ကပြောသည်။

“ကျနော်တို့ ဒီမှာက ဖျားနာတာတော့ မရှိဘူး။ ဒါပေမဲ့ နှင်းတွေ အရမ်းကျလို့ ရေခဲနေတယ်။ အပြင်သွားလာလို့ မရဘူး ဖြစ်နေတယ်။ ဆိုင်ကယ်၊ ကားဘာမှ စီးလို့ မရဘူး။ ရေလည်း ရေခဲကို ချက်ပြီး သုံးနေရတယ်” ဟု သူက ပြောသည်။

၂၀၁၂ ခုနှစ် KIA နှင့် အစိုးရတို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ပန်ပါဒေသ အထက်ပိုင်းရှိ ကျေးရွာများမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသော ဒုက္ခသည်များဖြစ်ပြီး ထိုနှစ်ဇူလိုင်လက ၄င်းစစ်ပြေးဒုက္ခသည်များကို ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ဥက္ကဌဟောင်း လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိန်း က ပန်ဝါသို့ ပြောင်းရွှေ့ရန် ပြောဆိုခဲ့ဖူးသည်။ သို့သော် အဆိုပါ ဒုက္ခသည်များက ပြောင်းရွှေ့ခြင်း မရှိဘဲ နယ်ခြားမှတ်တိုင် ၆ ဖရဲတွင် ဆက်လက် ခိုလှုံနေခြင်း ဖြစ်သည်။

0 comments:

Post a Comment