Tuesday, January 6, 2015

ပြည်သူများ ကန့်ကွက်သည့်ကြားက မနောပွဲတော် ကျင်းပ

 မြစ်ကြီးနား စီတာပူ မနောကွင်းတွင် ကပ်ထားတဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် ကြော်ငြာ

ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းမှုမရှိသေးချိန် မနောပွဲ ပြုလုပ်ရန် ကန့်ကွက်ထားသည့်ကြားမှ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲကို ကျင်းပရန် ဇန်နဝါရီလ  ၅ ရက်တွင် မနောကွင်း ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မနောပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးလခရိ လအောင်က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းရှေ့တွင် နံနက် ၈ နာရီက ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များက မနောကွင်း ဖွင့်လှစ်ကာ ဖဲကြိုးဖြတ်၍ ဆုတောင်းဝတ်ပြုမှု ကျင်းပခဲ့ခြင်း ဖြစ်သည်။

“မနောပွဲကျင်းပမှာ ဖြစ်လို့ ဘုရားသခင်ထံ အပ်နှံတယ်။ MCC (မြစ်ကြီးနားခရစ်ယာန်ဂိုဏ်းပေါင်းစုံ) ကနေ ဦးဆောင်ပြီးတော့ မဂျွယ်ခန်းမမှာ ဆုတောင်းဝတ်ပြုတဲ့ အခမ်းအနားလုပ်တယ်။ ဒီနေ့ ဖွင့်ပွဲမှာ တရုတ်နိုင်ငံက ကုန်စည်ပြပွဲ လုပ်တယ်။ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲတွေလည်း လုပ်နေပြီ” ဟု ဦးလခရိ လအောင်က ပြောသည်။

သို့သော် မနောကွင်း ဖွင့်လှစ်ခြင်းသာဖြစ်ပြီး မနောအက ကခြင်း မရှိဘဲ လာမည့် ဇန်နဝါရီလ ၈ ရက်တွင် မနောက ကကြမည်ဖြစ်ကြောင်း သူက ဆိုသည်။ မနောကွင်း ဖွင့်ပွဲ အခမ်းအနားသို့ ဒေသခံ လူထု ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

မနောကွင်းအတွင်း ဈေးဆိုင်ပေါင်း ၂၀၀ ခန့် ရောင်းချနေပြီး ဘောလုံး၊ ဘောလီဘော စသည့် အားကစားပွဲများလည်း ရှိကာ ညပိုင်းတွင် မလိခူးမဂျွယ်ဇတ်စင်နှင့် ကြိုင်ခူးမဂျွယ်ဇတ်စင်တွင် ကချင်ရိုးရာ အကပဒေသာအဖွဲ့က ကပြဖျော်ဖြေကြမည် ဖြစ်ကြောင်း သူက ဆိုသည်။

ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသောအားဖြင့် ၆၇ ကြိမ်မြောက် ကချင်မနောပွဲကို ကချင်ပြည်နယ် အစိုးရ သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

သို့သော် လက်ရှိ စစ်ပွဲများ ဖြစ်ပွားနေခြင်း၊ ပြည်သူများ စစ်မှန်သော ငြိမ်းချမ်းရေးမရသေးသည့်အပြင် လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံနေရသည်ဟု ဆိုကာ မနောပွဲကို ကန့်ကွက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ဆရာမ လနန်ဘောက်ဂျာ အပါအဝင် ဒေသခံများက ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ထံသို့ ကန့်ကွက်စာတင်ခဲ့သည်။

ယခုအချိန်တွင် မနောပွဲ ကျင်းပရန် မသင့်ကြောင်း ကန့်ကွက်ခဲ့သူများက မနောကွင်း စတင်ဖွင့်လှစ်လိုက်သော အခမ်းအနားသို့လည်း တက်ရောက်ခြင်း မရှိခဲ့သလို၊ အခမ်းအနားတက်ရောက်လာသူများသည်လည်း အစိုးရက ဖိတ်ခေါ်ထားသော လူများသာ တက်ရောက်ခြင်း ဖြစ်သည်ဟု ဒေသခံ ဆရာမ လနန်ဘောက်ဂျာက ပြောသည်။

“ဒီနေ့ ဖွင့်ပွဲမှာလည်း ဒေသခံ လူထုတွေ မတက်တလောက်ဘဲ။ အရင်တုန်းကဆိုရင် လမ်းမကြီးတွေ ပွဲကြည့်တဲ့ လူတွေက ကြပ်နေတာဘဲ။ ဒီနေ့ဆိုရင် ဒေသခံတွေလည်း မလာဘူးလို့ ပြောလိုတယ်။ အခု က နေတဲ့ လူတွေ ကလည်း သူတို့ ဖိတ်ထားတဲ့လူတွေပေါ့။ အစိုးရက ကျောင်းသားတွေကို ခေါ်ပြီးတော့ ကကြတယ်” ဟု သူက ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များ ရှိနေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မနောပွဲ တက်ရောက်မည် မဟုတ်ကြောင်းနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ကလည်း အဖွဲ့ဝင်များအားလုံး လိုင်ဇာသို့ အစည်းအဝေး သွားတက်နေသဖြင့် အဆိုပါ မနောပွဲသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း PCG မှ ဦးဆန်အောင် က ပြောသည်။

“ကေအိုင်အိုက ဒုက္ခရောက်နေတဲ့ စစ်ပြေးတွေ ရှိနေချိန်မှာ ဒီလို ပျော်ပွဲရွှင်ပွဲကို သွားဖို့ မရှိဘူး။ ပြီးတော့ ဒီကိုလာ ဖို့ကလည်း အစိုးရ ခွင့်ပြုချက်တွေ တောင်းရတယ်ဆိုတော့ သွားဖို့ မရှိဘူး။ မြစ်ကြီးနားရုံးက ကေအိုင်အို ဝန်ထမ်းတွေလည်း မသွားဘူး။ လိုင်ဇာကို အစည်းအဝေးရှိလို့သွားလိုက်တယ်။ ကျနော်တို့ PGC လည်း မသွားဘူး” ဟု သူက ပြောသည်။

ကချင်မနောပွဲသည် လက်ရှိ ပြည်နယ်အတွင်း အစိုးရနှင့် KIO စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် မနောပွဲ ကျင်းပရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလထိ ကချင်ဒေသခံ ပြည်သူလူထု တစ်သောင်းကျော် လက်မှတ်ရေးထိုးကာ ပြည်နယ်အစိုးရကို ကန့်ကွက်ခဲ့သည်။

ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးလခရိလအောင်ကမူ “ဒီမနောပွဲက အစိုးရက မဖြစ်မနေ လုပ်ခိုင်းတယ်၊ စီးပွားရေးသမားတွေ လုပ်ခိုင်းလို့ လုပ်တယ် ဆိုပြီး သတင်းမှားတွေ ရပြီး သဘောမတူဘူးလို့ ပြောနေကြတယ်။ တကယ်တမ်းတော့ မနောပွဲ လုပ်တယ်ဆိုတာ ကျနော်က ၂၀၁၁ ကနေ ပွဲမြောက်ရေးကော်မတီက ဆက်လက် တာဝန်ယူပြီး ဆက်လက် တာဝန်ယူတာ ဖြစ်တယ်။ ဘယ်သူမှ မဖြစ်မနေ လုပ်ရမယ်ဆိုပြီး ပြောတဲ့လူ မရှိဘူး။ ဒါပေမဲ့ ကချင်ပြည်နယ် နေ့ မနောပွဲလုပ်တဲ့အခါ မနောက ကတာကို လျှော့မယ်ဆိုပြီး သဘောတူခဲ့တယ်” ဟု ပြောသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကချင်မနောပွဲကို လေးနှစ်ကြာ ကျင်းပနိုင်ခြင်း မရှိခဲ့သဖြင့် ကျန်ရှိသော ကုန်ကျငွေ သိန်း ၂၀၀၀ ကျပ်နှင့် ယခုနှစ် ရရှိသော အလှူငွေ စုစုပေါင်း သိန်း ၄၀၀၀ ကျော် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားသည်ဟု သူက ဆက်လက် ပြောပြသည်။  

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ “ကချင်ပြည်နယ်နေ့” အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကချင်မနောပွဲ (ပဒန်မနော)ကို စတင်ကျင်းပခဲ့သည်။ သို့သော် ၂၀၁၀ ခုနှစ်က ၆၃ ကြိမ်မြောက် ကချင်မနောပွဲကို နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် မနောပွဲ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ယခု ပြန်လည် ကျင်းပနေခြင်း ဖြစ်သည်။



0 comments:

Post a Comment