KIO လိုင်ဇာမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း။ |
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ယခုတဖန်ပြင်းထန်သည့်တိုက်ပွဲကြီးထပ်မံမဖြစ်ပွားအောင် KIO အရာရှိများသည် လိုင်ဇာရှိ အသင်းတော် အသီးသီးတွင် ဆုတောင်းရန်ပြောကြားလိုက်သည်။
KIO ဗဟိုဌာနချုပ် အရာရှိများသည် ဖေဖ၀ါရီလ ၁၃ ရက် နံနက်တွင် ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး အင်ဗွေနော် အား သွားရောက်၍ မပျက်မကွက်ဆက်လက်ဆုတောင်းရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရိုမန်ကတ်သလစ် ဘုန်းတော်ကြီးအင်ဗွေနော်သည် အသင်းတော်ဆရာများ၊ စစ်ပြေးစခန်းရှိဆရာ/မ များအားခေါ်ကာ စည်းဝေးပြီး ဖေဖ၀ါရီလ ၁၆ ရက် တနင်္ဂနွေညမှ တစ်ပတ် ၁ ခါ ရပ်ကွက်လိုက် ည ၆ နာရီမှ နံနက် ၆ နာရီချိန်ထိ ကွင်းဆက်ဆုတောင်းသွားမည်ဖြစ်ကြောင်း ဆရာ လဆန်တူးဆန် (Sara Lasang Tu San) KNG ကချင်သတင်းဌာန သို့ပြောသည်။
“ယနေ့ အစိုးရတပ်များလှုပ်ရှားမှုက အရှေ့ဘက်ခြမ်း နယ်စပ်တဝိုက် KIA ဗဟိုဌာနချုပ် လိုင်ဇာ မိုင်ဂျာယန်ဒေသတွေမှာ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာဖို့ဦးတည်နေသည်”
ထိုကိစ္စမဖြစ်ပေါ်စေရန် အသက်ရှင်သောဘုရားအား ဆုတောင်းရန် KIO အရာရှိများပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နှစ်များတွင် တိုက်ပွဲများပြင်းထန်နေချိန် ညဆုတောင်းခြင်းများပုံမှန်ကွင်းဆက်ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း တိုက်ပွဲများငြိမ်သက်လာချိန်တွင်မူ နံနက်နှင့် ညနေဘက်တွင်သာ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လိုင်ဇာရှိအသင်းတော်မှ အစာရှောင်ဆုတောင်းခြင်းများ၊ ၂၄ နာရီအချိန်ပြည့် ဆုတောင်းခြင်းများ ပြုလုပ်နေဆဲဖြစ် ကြောင်းနှင့် စနေနေ့ကို ဆုတောင်းရက်သတ်မှတ်ဆုတောင်းနေကြောင်း “အခုပြန်စလာတဲ့ စစ်ပွဲဟာ ဘယ်လိုနဲ့လည်းဖြစ်လာနိုင်တဲ့အတွက် အရာ အားလုံးတတ်နိုင်တဲ့ ဘုရားသခင်ထံ ဆုတောင်းရမည်” ဟု နှစ်ခြင်းအသင်းတော်မှဆရာ တဦးပြောသည်။
ဂျေယန့် စစ်ပြေးဒုက္ခသည်စခန်းတွင်လည်း ထိုသို့နေ့စဉ်ဆုတောင်းခြင်းများပြုလုပ်ပြီး ကချင်အမျိုးသားများ၊ စစ်ပြေးဒုက္ခသည်များ၊ နိုင်ငံရေးအတွက်၊ စစ်ပွဲနှင့် အကူအညီပေးနေသူများအတွက် ဆုတောင်း ပေးနေဆဲဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်စခန်းမှပြောသည်။
လိုင်ဇာဗဟိုဌာနချုပ် KIO အနီးရှိ နမ်လန် (Num Lang) အစိုးရစခန်း ခမရ ခြေမြန်တပ်ရင်း ၄၃၈ တပ်ရင်းသို့ အစိုးရတပ်ဗန်းမော်ဘက်မှ စစ်ကား ၁ စင်းနှင့် အရာရှိများစီးနင်းလိုက်ပါသည့် ကား four wheel ၅ စင်းအပြင် အင်အား ၆၀ ခန့်သည် စခန်းသို့ ရောက်ရှိလာပြီး လက်နက်ငယ်များလေ့ကျင့်ပစ်ခတ်နေကြောင်း ရှေ့တန်း KIA အရာရှိများပြောသည်။
လိုင်ဇာဗဟိုဌာနချုပ် လိုင်ဇာ KIO ဒေသတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၁ နှစ်ကျော်ရှိနေချိန် ယခုနှစ် ဖေဖော်ဝါရီလမှ အစိုးရတပ်များသည် စစ်အင်အားများဖြင့် KIA ရှေ့တန်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့မှုများ ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ်ရှိ ကချင်လူမျိုးများတွင် ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ ၉၉ ရာခိုင်နှုန်းရှိပြီး ၄င်းတို့က အသက်ရှင်သောဘုရားဖြစ်၍ ဆုတောင်းခဲ့ခြင်းကိုနားညောင်းပေး၍ တိုက်ပွဲဖြစ်စဉ်တလျှောက် ကူညီမစပေးခြင်းသက်သေများရရှိကာ ယခုဆက်လက်၍လည်း ပြန်လည်ဖြေရှင်းပေးရန် တိုက်တွန်း နှိုးဆော်ပေးခြင်းဖြစ်ကြောင်းသိရသည်။
0 comments:
Post a Comment