Monday, February 17, 2014

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ ရောက်ရှိ

KIO လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိစဉ် ဂျေယန့်ဒုက္ခသည်စခန်းသို့ လည်ပတ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်စားလှယ် မစ္စတာ သောမတ် အိုဟေးကင်တားနား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားသည် ကချင်ပြည်နယ်သို့ရောက်ရှိလာချိန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ ပထမဆုံး လာရောက်လေ့လာခဲ့သည်။

မြစ်ကြီးနားမြို့ KIO နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် KIO ထိန်းချုပ်နယ်မြေသို့ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ညနေတွင် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဒုက္ခသည်စခန်းများဖြစ်သော ဂျေယန့်ဒုက္ခသည်စခန်း၊ ဖုန်လွမ်ယန်ဒုက္ခသည်စခန်းများနှင့် ဆေးပေးခန်းများတွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများမှသိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရနှင့် KIO နည်းပညာအကြံပေးအလုပ်အဖွဲ့နှင့်တွေ့ဆုံပြီး နေ့လည် ၁၂ နာရီချိန်တွင် မြစ်ကြီးနားမှ လိုင်ဇာသို့ထွက်ခွာခဲ့ခြင်းဖြစ်ရာ ဌာနချုပ်လိုင်ဇာရှိ KIO ဥက္ကဌ ဇောင်းဟရား၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်နှင့် ၁ နာရီခန့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

၎င်းတို့တွေ့ဆုံရာတွင် KIO မှ ကချင်တော်လှန်ရေးပေါ်ပေါက်လာရခြင်းအကြောင်းရင်း၊ အစိုးရနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲသို့မရောက်နိုင်ပဲ ယခုအကြိမ်လည်း နိုင်ငံရေးဆွေးနွေးပွဲကို မရောက်မည်ကို စိုးရိမ်နေရခြင်း၊ တိုက်ပွဲများဖြစ်နေဆဲအခြေအနေ စသည်တို့ဖြင့် အစိုးရပေါ် မယုံကြည်နိုင်ကြောင်း၊ ထိုကိစ္စများအပေါ် UN မှ ခိုင်ခိုင်မာမာရပ်တည်ပေးရန် မစ္စတာ ကင်တားနားနှင့်တွေ့ဆုံစဉ် KIO ခေါင်းဆောင်နှစ်ဦးမှ တောင်းဆိုခဲ့သည်ဟု သိရသည်။

မစ္စတာ ကင်တားနားသည် ဂျေယန့်ဒုက္ခသည်စခန်းတွင် ၂၅ မိနစ်ခန့်လေ့လာကြည့်ရှုခဲ့စဉ် ရွာ ၄ ရွာမှ ထွက်ပြေးတိမ်းရှောင်လာသော ရွာသား ၄ ဦးနှင့် မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ဂျေယန့်စခန်းတာဝန်ခံ အထွေထွေအတွင်းရေးမှူး လဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဘယ်လိုမျိုး စစ်ပြေးလာတာလဲ၊ ဘာကြောင့်လာနေကြရသလဲ၊ ဘယ်ချိန်ကတည်းကလာနေကြသလဲ၊ ဘာဖြစ်လို့ ကိုယ့်ရပ်ရွာကိုယ်မပြန်ကြတာလဲ ဘယ်လိုခက်ခဲရှိသလဲ အစိုးရတပ်ကနေ ရွာသားတွေကို ပစ်သတ်ခဲ့တာတွေရှိလား နင်တို့ထွက်ပြေးလာတဲ့ရွာနဲ့ ဒုက္ခသည်စခန်းဘယ်လောက်ဝေးလဲ အဲဒါတွေမေးတယ်။ သူတို့လည်း အခုလိုဖြေကြတယ်- တိုက်ပွဲတွေဖြစ်လို့ အိမ်ပြန်ချင်လည်း ပြန်နိုင်မယ့် အခြေအနေမရှိဘူး အစိုးရတပ်တွေက ရွာတွေ မီးရှို့တယ်။ မိန်းမတွေကို မုဒိမ်းကျင့်တယ်။ စပါးတွေကို မီးရှို့ရေတွင်းထဲမှာပစ် အိမ်တွေလည်း မီးရှို့ ဘယ်လိုမှနေလို့မရလို့ KIO ရှိတဲ့နေရာမှာထွက်ပြေးခဲ့တာပါ ဆိုတာတွေပြန်ဖြေကြတယ်” ဟု ဆိုသည်။

၎င်းရွာသားများသည် KIO ထိန်းချုပ်နယ်မြေများဖြစ်သော ဘန်ဆောင်၊ နမ်ဆန်၊ နားလုံ၊ အင်ပေါန်ရွာများမှ ဖြစ်ပြီးတိုက်ပွဲများ ပြင်းထန်လာချိန်မှ ၎င်းဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည် ၎င်း၏တာဝန်နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသို့ (၉) ကြိမ်မြောက် အလည်အပတ်အရီးစဉ်တွင် ယခု KIO ဌာနချုပ် လိုင်ဇာသို့ ပထမဆုံးနှင့် နောက်ဆုံး ရောက်ရှိနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“ဒီလိုရောက်လာတာကောင်းတယ် များများရောက်လေကောင်းလေ ဒီမှာဖြစ်နေတဲ့အခြေအနေတွေကို ပိုသိမယ် အစိုးရဘက်ကတော့ သူတို့သိနေတော့ KIO အထဲမှာဖြစ်နေတဲ့အရာတွေလည်း သူတို့သိရတော့ ငြိမ်းချမ်းရေးအတွက် စစ်ပြေးဒုက္ခသည်အတွက် ကူညီမှုတွေ ကိုပိုပြီး ကောင်းလာမယ်” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှ ဦးဆန်အောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ သွားရောက်လည်ပတ်ခွင့်ရခြင်းသည် အထူးအရေးကြီးကြောင်း၊ ကချင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ စစ်ဘေးကျရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေလက်ရှိအခြေအနေနှင့် သူတို့ဖက်က ပြောဆိုလိုသည့် အခြေအနေကို သိချင်လိုကြောင်း၊ အစိုးရနှင့် KIO နှစ်ဖက်က လက်ရှိဖြစ်နေသည့် တိုက်ပွဲတွေ မဖြစ်ပွားအောင် ကြိုးပမ်းနေကြောင်း၊ တိုက်ပွဲများဆက်လက်မဖြစ်ရန် အရေးကြီးကြောင်း မစ္စတာ ကင်တားနားက KIO ဗဟိုဌာနချုပ်လိုင်ဇာသို့ မထွက်ခွာမည် မြစ်ကြီးနားမြို့ သတင်းထောက်များကို တွေ့ဆုံရာမှာရှင်းပြခဲ့ကြောင်း သိရှိရသည်။

မစ္စတာကင်တားနားဟာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၃ ရက်ကနေ့မှ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု အခြေအနေကို လေ့လာရန်ရောက်ရှိလာခြင်းဖြစ်သည်။


0 comments:

Post a Comment