Tuesday, February 4, 2014

ဈေးသည်များနှင့် သစ်ကုန်သည်များအား အစိုးရတပ်များ ဖမ်းဆီးပြီး ကျေးရွာအတွင်း စခန်းချ

ဗန်းမော်ခရိုင် မန်စီမြို့နယ်မှ သစ်များ တရုတ်နယ်စပ် နောင်တောင် သို့ သယ်ထုတ်နေစဉ်။

မြန်မာအစိုးရ တပ်ဖွဲ့များသည် ဗန်းမော်ခရိုင်ကျေးရွာ တရွာတွင် စခန်းချလျက်ရှိပြီး ဈေးသည်များနှင့် သစ်ကုန်သည် ၃၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိ တဦးက ပြောသည်။

ဗန်းမော်ခရိုင် KIA တပ်ရင်း ၁၂ နယ်မြေအတွင်း နမ်ဂေါင် (Nam Gau) ရွာတွင် မြန်မာအစိုးရတပ်များက ၀င်ရောက်တပ်စွဲကာ ကတုတ်ကျင်းများ တူးပြီး စခန်းချ နေထိုင်နေကြောင်း KIA တပ်ရင်း ၁၂ ရှေ့တန်းအရာရှိ တဦးက ပြောသည်။

ဇန္နဝါရီလ ၃၁ ရက်နေ့တွင် နှစ်ဖက်တပ်များ အကြား ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ပြီးအစိုးရတပ် ခြေလျင်တပ်ရင်း ၂၇၆ မှ စစ်ကြောင်း ၂ ကြောင်းသည် စစ်အင်အား ၁၀၀ ကျော်ဖြင့် လှုပ်ရှားနေကြောင်း KIA က ပြောသည်။

ယနေ့တွင် နှစ်ဖက်တပ်အကြား ပစ်ခတ်မှုမပြုသော်လည်း တင်းမာနေဆဲဖြစ်ကြောင်း တပ်ရင်း ၁၂ ရှေ့တန်းအရာရှိ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ထို့ပြင် မိုးမောက်မြို့နယ် KIA တပ်ရင်း ၁ ရှိ KIA ဒဂေါမဒါ (Dagaw Mada) စခန်းတွင်လှုပ်ရှားနေဆဲဖြစ်ပြီး ဒဂေါမဒါ (Dagaw Mada) အနီးရှိ မန်ဆိုင်းရွာ အနီးတွင် ငဦးမှ အစိုးရစစ်ကြောင်း ခလရ ၁၂၁ စစ်အင်အား ၆၀ ကျော်လှုပ်ရှားနေသောကြောင့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung) က KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် KIA တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသနှင့် တပ်ရင်း ၁ ဒေသတွင် နှစ်ဖက်တပ်မှ တင်းမာနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment