Tuesday, February 11, 2014

KIO ဌာနချုပ်ဒေသရှိ တပ်စခန်းတခုအား အစိုးရတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ် သိမ်းပိုက်

ဌာနချုပ် လိုင်ဇာမြို့ကို လုံခြုံရေးပေးနေတဲ့ KIA စခန်းတခု
ဗဟိုဌာနချုပ် လိုင်ဇာမြို့ KIA တပ်ရင်း ၁၈ ဒေသရှိ ဂျာအိန်ယန် (Ja Ing Yang) စခန်းအား အစိုးရတပ်များ တိုက်ခိုက်ပစ်ခတ်လာသောကြောင့် ယမန်နေ့ တင်္နလာနေ့ ညနေ ၅ နာရီကျော်ချိန်တွင် နောက်ဆုတ်လိုက်ကြောင်း လိုင်ဇာရှိ KIA အရာရှိတဦး အတည်ပြုပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၈ တပ်ဖွဲ့နှင့် ကချင်ပြည်သူ့စစ်တပ်ဖွဲ့များ (MHH) ရှိရာ ဂျာအိန်ယန်စခန်းကို အစိုးရတပ်ပေါင်းစုမှ လက်နက်ကြီးများဖြင့် အဆက်မပျက် ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ယမန်နေ့ ၁၀ နာရီချိန်ကျော်ချိနှ် စခက ၇ အောက် ခြေမြန်တပ်ရင်း ခမရ ၄၂၁၊ ၄၂၄၊ ၄၂၆၊ ၄၂၅ ခလရ ၂၆၁ တပ်ပေါင်းစုများနှင့် KIA တပ်ဖွဲ့များပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း အစိုးရတပ်ဖက်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်များ KNG ကချင်သတင်းဌာန သို့ပြောသည်။

KIA မှ ခုခံတိုက်ခိုက်သော်လည်း အစိုးရတပ်များ ၄င်းတို့သိမ်းပိုက်ထားသော ဂျာအိန်ယန်ရွာဦး ရပ်ကွက် ၁ အမြင့်ဆုံး တောင်ကုန်းရှိဘုန်းကြီးကျောင်းမှပစ်ခတ်ချိန် စခက ၇ အထိုင် ရှဒန်ပါ (Shadan Pa) ဗျူဟာကုန်းကလည်း ၁၂၀ မမ ဖြင့် ကူညီပစ်ခတ်ပေးသောကြောင့် ညနေ ၅ နာရီကျော်ချိန် ဆုတ်လိုက်ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသော်လည်း ပြင်းထန်စွာရင်ဆိုင်တိုက်ခိုက်ခြင်းမရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးပါ။

ယမန်နှစ်တွင် ထိုစခန်းကို အစိုးရတပ်များမှ KIA တပ်ချထားသောစခန်းများအား ဖယ်ရှားပေးရန် ပြောဆိုသော်လည်း KIA မှ ဖယ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ၎င်း ဂျာအိန်ယန်ရွာသည် ကုန်သွယ်ရေး အချက်အချာကျသောနေရာဖြစ်ပြီး ဒေသခံများအချို့ တပိုင်တနိုင်ရွှေတူးဖော်ခြင်း လုပ်နေသော ဒေသလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ KIA ဌာနချုပ်ဒေသ၀န်းကျင်များကို အစိုးရတပ်များသည် သိမ်းပိုက်ထားပြီးနောက် ယခုချိန်တွင် ထိုနေရာတ၀ိုက် ရွှေတူးဖော်မှုများလုပ်ကိုင်နေပြီး နီးစပ်ရာ လူထုများကိုလည်း အစိုးရခွင့်ပြုချက်ဖြင့် တူးဖော်ခွင့်ပေးထားကြောင်းလည်း ဒေသခံများမှသိရသည်။

0 comments:

Post a Comment