Thursday, February 6, 2014

ကချင်ပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွား

စစ်ရေးလေ့ကျင့်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် စစ်သား နှစ်ဦး

ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် KIA တပ်ရင်း ၁၂ ဒေသတွင် ကောင်ရွန်(Gawngrun) ရွာတွင် ယနေ့ ၆ ရက်နေ့ နံနက် ၁၀ နာရီချိန်မှ နှစ်ဖက်တပ်မှ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်နေကြောင်း KIA အရာရှိများပြောသည်။

“တပ်ရင်း ၃ ခု ၄ ခု လောက်ရှိမယ် အခုကောင်ရွန်ရွာမှာ ပစ်နေကြတယ် ဒီမနက်ကနေ ပြင်းထန်စွာပစ်နေတယ် ဘယ်တပ်တွေဆိုတာက မပြောနိုင်သေးဘူး ဒီမှာရှိတဲ့ စစ်ကြောင်းတွေအားလုံးပါမယ် ကြားမှာကြပ်နေတဲ့ သူက ကြပ်နဲ့။ ပစ်နေကြတာ” ဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန် ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသောကြောင့် နှစ်ဖက်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိမှုစာရင်းကို မသိရှိသေးပေ။

တပ်ရင်း ၁၂ နမ်ဂေါင် (Nam Gau) ရွာတွင် တပ်စွဲထားသော အစိုးရစစ်ကြောင်း ခြေလျင်တပ်ရင်း (၂၇၆၊ ၅၆) နှင့် ခြေမြန်တပ်ရင်း ၆၀၁ စစ်ကြောင်းသည် ဇန္နဝါရီလ ၃ ရက်ညတွင် KIA တပ်ရင်း ၁၂ မှ ဝိုင်းလိုက်ခြင်းကြောင့် ၎င်းရွာမှ ဆုတ်ခွာခြင်းဖြစ်ပြီး စစ်အင်အားများထပ်မံတိုးချဲ့ ဖြည့်လာခြင်းဖြစ်ကြောင်း KIA မှ ပြောသည်။

မန်စီဘက်မှ ခလရ ၂၃၇ စစ်ကြောင်းနှင့် ရွှေဂူဘက်မှ ခမရ ၆၀၂ စစ်အင်အားများ ထပ်မံတိုးချဲ့လာခြင်း ဖြစ်သည်။

ဆက်ပြီး ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင်လည်း ၃ ရက် တင်္နလာနေ့တွင် ညနေ ၅ နာရီချိန်မှ နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၅၀၁ ဗိုလ်မှူးထွန်နိုင်ဦးဆောင်တပ်ဖွဲ့ စစ်အင်အား ၁၀၀ ကျော်သည် KIA တပ်ရင်း ၃၄ ဒေသသို့ လှုပ်ရှားလာခြင်းကြောင့် ပန်းဒန်နှင့် ဟိုင်းထန်တွင် ၁ နာရီကျော်ကြာ နှစ်ဖက်တပ်မှ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်ခိုက်ပြီး အစိုးရစစ်ကြောင်းသည် ၆ ဦး ဒဏ်ရာရရှိပြီး မန်တုန်ဘက်တို့ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

KIA တပ်မဟာ (၄) ဒေသတွင် တိုက်ပွဲများထပ်မံမဖြစ်ပွားသော်လည်း KIA တပ်မဟာ (၃) ဒေသတွင်နှစ်ဖက်တပ်မှ ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA အရာရှိများပြောသည်။

0 comments:

Post a Comment