Tuesday, February 4, 2014

ကချင်ဒုက္ခသည် စခန်းတွင်း နေအိမ်နှင့် အိမ်သာများ အရေးပေါ် လိုအပ်

ဂျေယန့်ဒုက္ခသည်စခန်း၊ လိုင်ဇာ။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်လိုင်ဇာဒေသရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၇၀၀ ကျော်အတွက် အိမ်ခန်းများ အမြန်ဆုံးပြုပြင်ရန် အရေးကြီးလိုအပ်နေကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့က ပြောသည်။

“နေအိမ်တွေကလုံးဝကို နေလို့မရတော့ဘူး အားလုံးပြင်ရမယ့်အိမ်တွေဖြစ်နေပြီ နှစ်တိုင်းမုန်တိုင်းက လာနေတော့ ဒီ အတောအတွင်း ဆောက်ရမှဖြစ်မယ် လေနည်းနည်းတိုက်ပြီဆိုရင် နေလို့မရတော့တဲ့ အိမ်တွေဖြစ်နေပြီ ဧပြီလ ကနေ တော့လေတွေတိုက်လာပြီဆိုတော့ ဒုက္ခသည်တွေအတွက် စိုးရိမ်ရတယ်” ဟု ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ဒုက္ခသည်များနေထိုင်သော အိမ်ခန်းသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ဆောက်လုပ်ပေးသောအိမ်ခန်း တန်းလျားများဖြစ်သောကြောင့် ယခုချိန်တွင် ပျက်စီးနေပြီး အများစုသည် မိုးကာဖြင့် ဆောက်လုပ်ထားသည့် အိမ်ခန်းများဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ၃ လအကြာ သို့မဟုတ် ၆ လ အကြာတွင် ဆောက်မည့်ဟု ပြောဆိုထားသော်လည်း ယခုချိန်ထိအကြောင်း ကြားခြင်းမရှိသောကြောင့် စိုးရိမ်နေရသည်။

၂၀၁၂ ခုနှစ် ဧပြီလနှင့် မေလတွင်လည်း လေပြင်းများတိုက်ခတ်ပြီး ဒုက္ခသည် အိမ်ခြေ ၁၀၀ ကျော် နေအိမ်ခေါင်မိုးများ လွင့်စင် ပျက်ဆီး သွားခဲ့ရဘူးသည်။

၎င်းဒုက္ခသည် စခန်းရှိ အိမ်ခြေ ၈၀၀ ကျော်အတွက် နေအိမ်များကို ယခင်နှစ်တွင် ဗန်းမော်ဂရုဏာနှင့် မြစ်ကြီးနားဂရုဏာ ဖောင်ဒေးရှင်း အဖွဲ့များမှ ဆောက်လုပ်ပေးခဲ့သော်လည်း အိမ်ထောင်စု ၇၀၀ ကျော် အတွက် ကျန်နေခြင်းဖြစ်သည်။

ထို့ပြင် ဂျေယန့် ဒုက္ခသည်စခန်းတွင် သုံးရေများခက်ခဲခြင်းကြောင့် အချို့အိမ်သာများကိုသာ သုံးနေပြီး ၎င်းအိမ်သာများသည်လည်း ပြည့်သွားကာ ခက်ခဲမှုများနေ့စဉ် ရင်ဆိုင်နေရကြောင်းသိရသည်။

“အိမ်သာတိုင်း ရေရောက်ရင်တော့ ဒုက္ခသည်တွေအတွက်လုံလောက်တယ် အခန်းပေါင်း ၄၉၉ ခန်းရှိတယ် ဒါမဲ့ ရေကခက် တချို့အိမ်သာက နေရာမရှိတော့ ကုန်းမှာလုပ်ထားတော့ ကလေးတွေနဲ့ အသက်ကြီးသူများအတွက် ဒုက္ခရောက်တယ် မနက်တိုင်းရထားလက်မှတ် တိုးတလို တိုးနေရတယ်” ဟု ဆက်ဆိုသည်။

ဒုက္ခသည်စခန်းတဝက်လောက်သည် သုံးစွဲရေများပိုမို ခက်ခဲများနေကြောင်း ရေလောင်ကန်များမရှိခြင်း၊ ပိုက်ခေါင်း တပ်ဖို့ရာမရှိခြင်း၊ ရေပိုက်များ မရှိခြင်းကြောင့် အိမ်သာ ၄ ခန်းတွဲအလုံး ၅၀ ကျော် တွင် ပြည့်သွားခြင်းကြောင်း ဒုက္ခသည်များ ခက်ခဲရင်ဆိုင်နေရကြောင်း သိရှိသည်။

ထို့ပြင် လိုင်ဇာအမှတ် (၃) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအိမ်ခြေ ၁၂၀ ကိုလည်း ဂျေယန့်စခန်းသို့ ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် လူဦးရေ အများဆုံး စခန်းဖြစ်သည်။

0 comments:

Post a Comment