Friday, February 14, 2014

အစိုးရစစ်တပ်၏ ဖမ်းဆီးထောင်ချခံခဲ့ရသော KIA အဖွဲ့ဝင် တဦး ရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာတဲ့ KIA အဖွဲ့ဝင် ဦး Zau Seng Nan
တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့KIO ဗဟိုဌာနချုပ်လိုင်ဇာအနီး ဂျာအိန်ရွာ (Ja Ing Yang) မှ ဦးဇော်ဆိုင်းနန် (Slg. Zau Seng Nan) အား လဂျားယန် (Laja Yang) တွင် အစိုးရတပ်မှ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် ဇန်န၀ါရီလတွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၄င်း၏ ဖမ်းဆီးခံခဲ့ရခြင်းနှင့် ထောင်တွင်းရင်ဆိုင်ရသော အခြေအနေများကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဦးဇော်ဆိုင်းနန် ဘယ်နေ့မှာဖမ်းဆီးခံရပြီး ဘယ်ထောင်ကျတာလဲ။
ဖြေ။ ။ လဂျားယန်စခန်းနဲ့ ဗန်းမော်ထောင်ကြီးမှာ ကျခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ၉ လ ၂၅ ရက်နေ့မှာ လဂျားယန်ဂိတ်တပ်ရင်း ၂၉ ကနေဖမ်းဆီးပြီး မြေတိုက်ကျင်းမှာ ၈ လနေခဲ့တယ် ဗန်းမော်ထောင်ကြီးမှာ ၁ နှစ်ကျော်နေတယ် စုပေါင်း ၂ နှစ် ၄ လ ကျခဲ့ပါတယ်။

မေး။ ။ ဘယ်လို ဖမ်းဆီးခံခဲ့ရတာလဲ?
ဖြေ။ ။ ကျနော်က ဂျာအိန်ယန်ရွာ (Ja Ing Yang)အသင်းတော်မှာ ဆက်ကပ်နေသူပါ။ နိုင်ငံရေးမကောင်းလာတော့ အထက်လူတွေက ရွာသားတွေကို စည်းရုံးဖို့ကျနော့်ကိုတာဝန်ပေးလို့ ထမ်းဆောင်နေချိန် အစည်းဝေးသွားဖို့ရန် ဗိုလ်ကြီးနဲ့ ကျနော်တို့ ၁၀ ယောက်ကျော်၊ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ကြီးသေနတ်ကိုင်ပေးထားတယ် အဲဒါ လဂျားယန်ဂိတ်မှာ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ထောက်လှမ်းရေးတွေက ကျနော့်ကို ကြိုပြီး ဓာတ်ပုံရိုက်ထားလိုက်တာမသိဘူး။ ဖမ်းလိုက်တဲ့ချိန်မှာပဲ တပ်သားတယောက်က ပြေးလာပြီး ဒီကောင်ပဲ ဒီကောင်ပဲဆိုပြီး ကျနော်တစ်ယောက်ထဲကိုဖမ်းလိုက်တာ ဟုတ်တယ်။

မေး။ ။ ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ ဘယ်လိုစစ်ဆေးမေးမြန်းမှုတွေခံရလဲ။
ဖြေ။ ။ ဘယ်လို နှိပ်စက်တယ်ဆိုတာတောင် မပြောပြတတ်တော့ဘူး။ တခါထဲကြိုးတုတ်ပြီး ထိုးတယ်၊ ရိုက်တယ်။ ဓါးနဲ့လည်း ခြေထောက် တွေမှာရိုက်ပေးတယ်။ မင်းနာမည်ဘယ်လိုခေါ်လဲလို့မေးတော့ ကျနော်လည်း ညာလိုက်တယ်။ အဲချိန်မှာ မင်းမညာနဲ့ နင့်နာမည်ဇော်ဆိုင်းနန် လို့ခေါ်တယ်မဟုတ်လား။ နင့်ဓာတ်ပုံတွေကြည့်မလားလို့ပြောပြီးရိုက်တယ် ဆိုင်ကယ်မှာ ကြိုးချည်ပြီးတော့လည်းဆွဲတယ်။ ရေလောင်းတယ်။ ဓာတ်တို့ပြီးနှိပ်စက်တယ်။ ခြေထောက်နှစ်ဖက်လည်းကြိုးတုတ်ထားပေးတယ် အဲဒီနောက် ၈ လ လဂျားယန်မြေတိုက်ကျင်းမှာ ထည့်ထားတယ်။

မေး။ ။ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး KIO ဘက်ကကော လွတ်မြောက်လာဖို့ အစိုးရနဲ့ ညှိနှိုင်းမှုတွေရှိလား။
ဖြေ။ ။ သူတို့ဘက်က ပိုက်ဆံနဲ့ရွေးမယ် လို့ပြောတယ် ဒါမဲ့အစိုးရတပ်ကတော့မဖြစ်နိုင်ဘူး လို့ပြောတော့ စစ်သုံ့ပန်းအချင်းချင်းလဲမယ် ဇော်ဆိုင်းနန်ကို လွတ်ပေးဖို့ပြောနေတာ ကြားနေရတယ်။ အဲချိန်မှာ ဒီကောင်က ဒီလောက်တောင်အရေးကြီးနေရလားဆိုပြီး စစ်ချက်အသစ် တွေပြန်လုပ်ပြီး မနှိပ်စက်တော့ဘူး။ လဂျားယန်မှာ တိုက်ပွဲစဖြစ်တဲ့နေ့ ၂၀၁၂ ခုနှစ် ၄ လ ၂၈ ရက်နေ့က လမ်းတောင်မလျှောက်နိုင်တဲ့ကျနော့်ကို ထမ်းစင်နဲ့ထမ်းပြီး လေယာဉ်နဲ့ မြစ်ကြီးနား ပမ္မတီး (မပခ စစ်ဌာနချုပ်) ကိုသယ်ခဲ့တယ် အဲဒီမှာ ၁ ညအိပ်ခဲ့ပြီး စရဖ တွေက တာဝန်မယူနိုင်ဆိုပြီး ဒေါ့ဖုန်းယန်ရဲစခန်းမှာ ပြန်လာခဲ့တယ် ၂၀၁၂ ခုနှစ် ၆ လ ၇ ရက်နေ့မှာ ဗန်းမော် ထောင်ကြီး ထဲပို့လိုက်တာပါ။

မေး။ ။ အဲတော့ ထောင်ဒာဏ် ဘယ်နှစ်နှစ်ကျခံထားရတာကို ပြန်လွတ်ပေးခဲ့တာလဲ။
ဖြေ။ ။ သမ္မတအမိန့်နဲ့ လွှတ်တဲ့ ၄ ကြိမ်မြောက် ၂၀၁၄ ခုနှစ် ၁ လ ၁ ရက်နေ့မှာ ကျနော်လွတ်မြောက်ခဲ့တာပါ။ ၁၇ (၁) ပုဒ်မ ၁၉ (စ) လက်နက်မှုနဲ့ဖမ်းဆီးထောင်ချခဲ့တာဖြစ်တယ်။ ၁၇ (၁) ပုဒ်မ ကတော့ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး လက်နက်မှုက ထောင်ဒဏ် ၆ လ ကျခံခဲ့ရတာပါ။

မေး။ ။ အခုလွတ်မြောက်လာတော့ကော ဘယ်လိုခံစားရလဲ ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ။ အခုချိန်မှာ ကျနော့်ကိုယ်ခန္ဒာမှာ ခါးရိုးလွဲသွားပြီး အရမ်းကိုနေရခက်၊ နာကျင်မှုခံစားနေရတယ် ခြေထောက်တွေမှာလည်း ဓာတ်တို့ပေးထားလို့ လမ်းလျှောက်တာကြာလာရင် အကြောတွေသေလာမတတ် မလျှောက်နိုင် တော့ဘူး ခက်ခဲမှုတွေများစွာရှိနေတယ်။ ဒါပေမဲ့ မသေပဲ လွတ်မြောက်လာတာကိုပဲ ဦးစွာ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ မိသားစုတွေ ဒေသခံတွေနဲ့ ပြန်တွေ့ဆုံရတာ အရမ်းဝမ်းသာတယ်။ ခုတော့ ဒုက္ခသည်စခန်းမှာပဲ နေပါတယ်။

ဦး ဇော်ဆိုင်းနန်နှင့်အတူ ဗန်းမော်ထောင်ကြီးတွင် KIA တပ်ဖွဲ့ဝင်အဖြစ် လက်နက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၃ ယောက်ရှိနေဆဲဖြစ်ပြီး ကျန်ကချင်တိုင်းရင်းသား ၂၀၀ ကျော်သည်လည်း မူးယစ်မှုဖြင့် ဖမ်းဆီးထောင်ချ ခံထားရကြောင်း သိရသည်။

0 comments:

Post a Comment