Wednesday, July 23, 2014

လိုင်ဇာမြို့လက်နက်ကိုင်အဖွဲ့ ထိပ်သီးညီလာခံကြီးတွင် UN နှင့် တရုတ်ကို ဖိတ်ကြားထား

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ ကချင်ပြည်နယ် အရှေ့ပိုင်း

ဇူလိုင်၂၄ ကြာသာပတေးနေ့မှ စ၍ သုံးရက်ကြာ လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးညီလာခံကြီးသို့ ကုလသမဂ္ဂ နှင့် အိမ်နီးချင်းတရုတ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များကို ‘လေ့လာသူ’ အဖြစ် ဖိတ်ကြားထားကြောင်း သိရပါသည်။

မကြာသေးခင်က အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြားဆွေးနွေးမှုတွင်လည်း လေ့လာသူအဖြစ် ပါဝင်ခဲ့သော ကုလသမဂ္ဂ ၏ မြန်နိုင်ငံဆိုင်ရာအထူးအကြံပေးတာဝန်ခံ Mr. Vijay Nambiar နှင့် ဒုတာဝန်ခံ Mrs. Mariann Hagen၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ အရာရှိများကိုလည်း ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ ပြောသည်။

သို့သော် လက်ရှိအချိန်အထိ နှစ်ဖွဲ့စလုံးမှ သံတမန်များ တက်ရောက်မည် မတက်ရောက်မည်ကို သေချာမသိရသေးကြောင်း၊ ညီလာခံစသည့်နေ့မှ သိနိုင်မည်ဟု ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ဤညီလာခံ အစီအစဉ်တစ်ရပ်လုံးကို NCCT ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့မှဦးဆောင်လုပ်သွားမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးအတွက် NCCT သည် ပြည်ထောင်စုငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် အကြိမ်ပေါင်း ၉ ကြိမ်ထက်မနည်း ညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

သို့သော်လည်း ယခုအချိန်အထိ နေပြည်တော်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ တောင်းဆိုထားသော ‘စစ်မှန်သည့် Federal ပြည်ထောင်စု၊ Federal Army နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်’ တို့ကို လက်ခံခြင်း မရှိသေးကြောင်း NCCT ခေါင်းဆောင်များ ပြောသည်။

ထိုအခြေအနေအတွင်း တစ်ဖက်၌ အစိုးရဖိအားပေးနေသည့် ‘တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး’ ကို လက်နက်ကိုင်အဖွဲ့များ လက်ခံ၊ မလက်ခံအပေါ် လိုင်ဇာညီလာခံ၌ သဘောထားအမြင်များညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း KIO ဗဟိုကိုယ်စားလှယ် ခေါင်းဆောင် ဆရာကြီးဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာနသို့ ပြောသည်။

အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ခဲ့လျင် ကချင်ဒေသများတွင် အစိုးရတပ်နှင့် KIO ကြား တိုက်ပွဲတကြော့ပြန် ဖြစ်လာဖွယ်ရှိကြောင်း စစ်ရေးနိုင်ငံရေးသုံးသပ်သူများကလည်း ပြောဆိုကြသည်။


0 comments:

Post a Comment