Friday, July 25, 2014

မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး

ဖားကန့် ကျောက်စိမ်းမော်မှ မူးယစ်ဆေစဝါး သုံးစွဲနေသူတစ်ဦး

ဇွန်လ ၂၃ ရက်ရက်နေ့က ကချင်ပြည်နယ်ဗန်းမော်ခရိုင်ရှိ မန်ဝင်းရွာသားများသည် မိမိရွာအတွင်း မူးယစ်ဝါးသုံးစွဲသူအယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ ပညာပေးခြင်းအစီအစဉ် တရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ရက်အတွင်း ၄င်းတို့ ဖမ်းမိထားကြသော ဆေးသမားများအား မူးယစ်ဆေးဝါးဆက်လက် မသုံးစွဲအောင် နှုတ်ကပတ်တော်ဟောပြောခြင်းနှင့်အတူ တချို့ကို ကြိမ်ဒဏ်ပေးကာ အားလုံးကိုပြန်လွတ်ပေးကြောင်း ရပ်ကွက် အသင်းတော်လူကြီး ဦးဇော်ဆိုင်း KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဦးဇော်ဆိုင်းက “ရပ်ကွက် (၁) က ကချင်လူကြီးတွေနဲ့ လူငယ်တွေဦးဆောင်ပြီးတော့ သွားပြီး လိုက်လံဖမ်းချုပ်ကြရတဲ့အထဲမှာ ၄၆ ယောက်ကိုတော့ဖမ်းမိတယ်၊ အဲဒီလူများကို တရားဟောလွှတ်လိုက်တယ်။ တချို့ကိုကျတော့ ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ရတာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

၎င်းရွာသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မည်သည့်အဖွဲ့အစည်းမှ ကောင်းမွန်စွာအုပ်ချုပ်နိုင်ခြင်းမရှိသည့် ကြားနေဒေသဖြစ်သောကြောင့် ဒေသခံများက ထိုသို့မန်ဝင်းရွာတွင် ပထမဦးစွာ ပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများ လှုပ်ရှားသည့်အစီအစဉ်အပေါ် “KIO တွေ ပါဝင်ပတ်သက်မှုရှိမရှိ” မန်ဝင်း ရဲများ မေးမြန်းစုံစမ်းလာရာ ရပ်ကွက်လူကြီးများက “မပတ်သက်ကြောင်း၊ ဒေသခံပြည်သူတွေ သက်သက်သာ ပြုလုပ်ကြတာဖြစ်ကြောင်း” ရှင်းပြခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုချိန် မန်ဝင်းဒေသ၌ တစ်ဖက်တွင် အစိုးရနှင့် KIO ကြား စစ်ရေးတင်းမာမှုလည်းရှိနေပြီး၊ တစ်ဖက်တွင်မူ ၂၀၁၁ ခုနှစ် တိုက်ပွဲစဖြစ်ကတည်းက ဗန်းမော်-မန်ဝင်း လမ်းလည်းပိတ်နေသောကြောင့် အစိုးရ ရဲများ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူပြီး ဗန်းမော်ထောင်သို့ပို့ဆောင်ရန် အခြေအနေမရှိကြောင်း ဒေသခံများပြောသည်။

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့တွင်လည်း ဟောပြောပွဲအစီအစဉ်များ နှင့်အတူ ရပ်ကွက်အတွင်းသာမက မန်ဝင်းဒုက္ခသည်စခန်းတွင်လည်း ၀င်ရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီး၍ ပညာပေးဆုံးမမည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများ ဦးဆောင်ပြီး ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အစီအစဉ်ကို မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့ နှစ်နေရာ၌လည်း ကျင်းပသွားကြရန် ပြင်ဆင်နေကြောင်း သိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ ၂၀၁၃ အစီရင်ခံစာအရ မြန်မာပြည်သည် အာဖဂန်နစ်စတန် (Afghanistan) ပြီးလျင် ကမ္ဘာတွင် ဘိန်း ဒုတိယ အများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည်တွင်း ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်သည် ဘိန်း အများဆုံးစိုက်ပျိုးသော နေရာဖြစ်ကြောင်း UNODC က ဖော်ပြထားခြင်းဖြစ်သည်။


0 comments:

Post a Comment