Wednesday, July 16, 2014

လိုင်ဇာထိပ်သီး စည်းဝေးတက်ရောက်မည့် KNU ကိုယ်စားလှယ် ၅ ဦး ရွေးချယ်

အောက်တိုဘာ၊ ၂၀၁၃ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး KIO လိုင်ဇာညီလာခံသို့ တက်ရောက်လာစဉ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ရွေးချယ်လိုက်သည်ဟု KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းအပေါ် ဆွေးနွေး သုံးသပ်ရန် ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ သုံးရက်ကြာ ကရင်ပြည်နယ် ဘာအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် ကျင်းပသော KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ၄င်းတို့ ငါးဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အဓိက ပန်းတိုင်ဖြစ်တဲ့ နိုင်ငံရေးရပ်တည်ချက်၊ ရှိနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ်မှာ ဆက်လက်သွားမှာပေါ့။ နောက်လိုင်ဇာကိုသွားမဲ့ ခေါင်းဆောင်တွေကို တက်ရောက်ဖို့ ရွေးလိုက်တယ်၊ သူတို့က ကျနော်တို့ ဆွေးနွေးချက် ရပ်တည်ချက်ကို ယူသွားမှာဖြစ်တယ်” ဟု ပဒိုစောလှထွန်းက ပြောသည်။

လာမည့် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာထိပ်သီး အစည်းအဝေးသို့ ကိုယ်စားလှယ်များအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် စောအိုက်ဇက်၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောတာဒိုမူးတို့ တက်ရောက်မည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းအပေါ် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ပဒိုစောလှထွန်းက ပြောသည်။

၎င်းအပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်းအပေါ် KNU အနေဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်း မရှိသော်လည်း တချို့ အနက် အဓိပ္ပါယ်ဖွင့် ဆိုချက်များကို ဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွင် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန် သဘောတူခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမဲ့ ကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရမဲ့ ကိစ္စတွေ၊ စာချုပ်တကယ်လို့ ချုပ်ဖြစ်ခဲ့တယ် ဆိုရင် အဲဒီနောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှု ကြားကာလမှာ စီစဉ်ဆောင်ရွက်ရမဲ့ ကစ္စတွေ ကေအန်ယူအနေနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်သွားဖို့ အဓိက ဒါတွေဘဲ” ဟု ပဒိုစောလှထွန်းက ပြောသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွင် ဦးဆောင်သွားရန်နှင့် တိုင်းရင်းသားများ တောင်းဆိုနေသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ၍ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆက်လက် ဆောင်ရွက်သွားရန်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်ထိ သုံးရက်ကြား ကျင်းပခဲ့သော အရေးပေါ် အစည်းအဝေးတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ဗဟိုကော် မတီဝင်များနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ စုစုပေါင်း ၃၀ ဦးကျော် တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က KNU ခေါင်းဆောင်များသည် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကာ လာမည့် သြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်အခတ် လက်မှတ်ထိုးရန် သဘောတူခဲ့သည်။


0 comments:

Post a Comment