Monday, July 21, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာညီလာခံ တက်ရောက် ရန် ထွက်ခွာ

မေ ၁၅၊ ၂၀၁၄ အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ နောက်ဆုံးနိုင်ငံရေးဆွေးနွေးပွဲ အခြေအနေအပေါ် NCCT ခေါင်းဆောင်များမှ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား မနောကွင်း တွင် ရှင်းပြနေပုံ။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံသို့တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ အသီးသီး ထွက်ခွာလာကြပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်မှစ၍ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားလမ်း နှင့် အချို့က တရုတ်ပြည်လမ်းဖက်မှ လိုင်ဇာသို့ လာနေကြခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် KIO သတင်းရပ်ကွက်မှ သိရပါသည်။

၎င်းဆွေးနွေးပွဲကို ဇူလိုင် ၂၄ မှ ၂၆ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ရာ အစိုးရဘက်က အဓိက ဖိအားပေးနေသော ‘တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဘက်မှ လက်ခံ၊ မခံ ကိစ္စရပ်အပေါ်’ အဓိက ဆွေးနွေးသွားမည့်အနေအထားရှိကြောင်း KIO ဗဟိုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဆရာကြီးဆွမ်လွတ်ဂမ် ပြောပါသည်။

၃ ရက်တာကျင်းပသွားမည့် ဆွေးနွေးပွဲအစီအစဉ်တရပ်လုံးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနိုင်းရေးအဖွဲ့ NCCT မှ တာဝန်ယူမည်ဖြစ်ကြောင်း ထိုညီလာခံတက်ရောက်သည့် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့သည် UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ၁၂ ဖွဲ့ နှင့် UNFC တွင် မပါသောအဖွဲ့ ၄ ဖွဲ့တို့ ဖြစ်ကြ ကြောင်းသိရပါသည်။

သို့သော် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ပါဝင်မည် မဟုတ်ကြောင်း KIO ဗဟိုကော်မတီဝင်များမှ တဆင့် သိရပါသည်။

ဆွေးနွေးပွဲတွင်လေ့လာသူအဖြစ် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG (Peace-talk Creation Group) လည်း ပါဝင်ပြီး ၄င်းတို့အဖွဲ့မှအစိုးရအုပ်ချုပ်နယ်မြေ မြစ်ကြီးနားမှ လိုင်ဇာညီလာခံသို့သွားကြမည့် ကိုယ်စားလှယ်အားလုံးအတွက် ကားဖြင့်အကြိုအပို့ စီစဉ်ပေးရန် တာဝန်ယူထားကြောင်း PCG မှသိရသည်။

မြစ်ကြီးနား-လိုင်ဇာ ကြားအကြိုအပို့လုပ်ပေးရန်အတွက် NCCT က PCG အား မူလပေးထားသည့်စာရင်းသည် လူ ၅၀ နီးပါးဖြစ်သော်လည်း လက်တွေ့မှာ ထိုစာရင်းထက်ကျော်မည် ဖြစ်ကြောင်း PCG အဖွဲ့ဝင် ဦးဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် လိုင်ဇာဌာနတွင်လည်း ထိပ်သီးညီလာခံအတွက် ပြင်ဆင်မှုများရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုအကြိမ်ကျင်းပမည့် အစည်းအဝေးသည် လိုင်ဇာဌာနချုပ်တွင် ဒုတိယကြိမ်မြောက်ပြုလုပ်ခြင်းလည်း ဖြစ်သည်။


0 comments:

Post a Comment