Tuesday, July 29, 2014

ကချင်ဒုက္ခသည်စခန်း နှစ်ခု မြေပြိုမှု အန္တရာယ်မှ မပြောင်းရွှေ့နိုင်သဖြင့် စိုးရိမ်သည်ရသည်ဟုဆို

Nhkawng Pa ဒုက္ခသည် စခန်း။

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း တောင်စောင်းများတွင် တည်ဆောက်ထားသော စစ်ပြေးဒုက္ခသည်စခန်းနှစ်ခု မြေပြိုမှု အန္တ္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်ဟု ဂရုဏာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံ ကိုနော်ဒိန်းက ပြောသည်။

မိုးမောက်မြို့နယ်ရှိ အင်ခေါင်းပါ (Nhkawng Pa) နှင့် မန်စီမြို့နယ်ရှိ Hka Hkyeng ဒုက္ခသည်စခန်း နှစ်ခုမှာ တောင်စောင်းတွင် ဆောက်လုပ်ထားသဖြင့် မြေမြိုမှု အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“လိုင်ဇာမှာလိုဖြစ်မှာ စိုးတယ်။ ကျနော်တို့ စိုးရိမ်နေတာ။ မိုးတွေအရမ်းရွာတော့ အဲဒီစခန်းနှစ်ခုက တောင်စောင်း လှေကားထစ်လို ဆောက်ထားတာ ဖြစ်လို့ မိုးအရမ်းကြီးလာရင် မြေပြိုမှာ စိုးရိမ်တယ်” ဟု ကိုနော်ဒိန်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က လိုင်ဇာမြို့အနီး ဂျေယန်းဒုက္ခသည်စခန်း မြေပြိုမှုကြောင့် လူ ၅ ဦးသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၄င်းစခန်းများသည်လည်း တောင်စောင်းတွင် တည်ဆောက်ထားခြင်းကြောင့် စိုးရိမ်နေရသည်ဟု သူက ပြောသည်။

“သူတို့ကို ပြောင်းဖို့နေရာကလည်း အရမ်းရှာရခက်တယ်။ နေရာကအစ နေအိမ်တွေလည်း အကုန်လုံး ပြန်ဆောက်ရမယ်ဆိုတော့ မိုးသိပ်မရွာရင်တော့ သိပ်အန္တရယ်မရှိဘူး။ မိုးက ရက်ရှည် ရွာသွန်းလာရင်တော့ စိုးရိမ်ရတယ်။ မနှစ်ကလည်း တခါ မြေပြိုမှုဖြစ်ဖူးတယ်” ဟု သူက ဆက်ပြောသည်။

လက်ရှိ အင်ခေါင်းပါ (Nhkawng Pa) ဒုက္ခသည်စခန်းတွင် လူဦးရေပေါင်း ၁၆၀၀ ခိုလှုံနေပြီး Hka Hkyeng ဒုက္ခသည်စခန်းတွင် လူဦးရေ ၃၆၀ ကျော် ခိုလှုံနေသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်က အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော ဆန်ဂန်၊ ခေါင်ရီခရုန် (Gauri Krung) ဒေသများမှ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေခြင်း ဖြစ်သည်ဟု သိရသည်။

လိုင်ဇာမြို့အနီး ဂျေယန့်ဒုက္ခသည်စခန်းအတွင်းရှိ မြေပြိုမှုကြောင့် လူသေဆုံးမှုဖြစ်ပွားပြီးနောက် တောင်စောင်းတွင် တည်ဆောက်ထားသော ဒုက္ခသည် ၁၂၃ ဦးကို တောင်စောင်းနှင့်ဝေးသော နေရာသို့ ရွက်ဖင်တဲများ တည် ဆောက်ပေးကာ နေထိုင်စေသည်ဟု ဂျေယန့်ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ယမန်နေ့က ပြောဆိုခဲ့သည်။


0 comments:

Post a Comment