Monday, July 7, 2014

KIA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မှ တိုက်ခိုက်မှုနှင့် ဖမ်းဆီးမှုများရှိ


ခြင်္သေ့ခေါင်း တံဆိပ် KIA တပ်မဟာ ၂ စစ်ယူနီဖေါင်း

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၂၆) နယ်မြေ တက်လက် (Tak Lep) ရွှေမှော်ရှိ KIA တပ်ဖွဲ့များကို မိုးညှင်းအခြေစိုက် အစိုးရတပ် ခလရ (၁၅) မှဝိုင်းရံပြီး ပစ်ခတ်ရာ KIA တပ်သား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA စစ်သား မရန်နော်ဒီး (Maran Naw Di) ဆိုသူ သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းဒေသမှ KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

ထို့ပြင် ဖားကန့်လမ်း မဘိန်းရွာတွင်လည်း KIA တပ်ရင်း (၆) ဗိုလ် မဂျီ ဆိုင်း (Maji Seng) ကို အစိုးရတပ်များက ပစ္စတို တစ်လက်နှင့်အတူ ဖမ်းဆီးကာ နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း ဖားကန့်တပ်ရင်း (၆) မှသိရသည်။

၎င်းကိုလည်း ဇွန်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိထားသောကြောင့် ယခုချိန် ဗိုလ် မဂျီ ဆိုင်း ကို မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ထားကြောင်းသိရသည်။

၎င်းနည်းတူ ဇွန်လ ၂၈ ရက်နေ့ကလည်း KIA တပ်ရင်း (၆) နယ်မြေ ကပ်မော်ဇွပ် (Kap Maw Zup) တိုက်နယ်မှူး ဇေလွမ်း ကို လက်နက်နှင့် ကားအပါအ၀င် နမ်ယာနှင့် ကပ်မော်ဇွပ်ကြားတွင် အစိုးရတပ် တပ်မ (၆၆) တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ဖားကန့်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်များနှင့်ပတ်သက်၍ KIA ဖက်မှ အတည်ပြုချက်ရရှိခဲ့သော်လည်း အစိုးရနှင့် KIA တပ်များကြား ၄င်းကိစ္စကြောင့် စစ်ရေးတင်းမာမှုများမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ဖားကန့်သွားလမ်းတလျှောက် အစိုးရတပ်များ လုံခြုံရေးယူထားကာ ဖြတ်သန်းသွားလာသူများထံမှ အခွန်ကောက်ခံမှုများလုပ်နေသည်သာမက၊ ဖမ်းဆီးစစ်ဆေးမှုများလည်း မကြာခဏရှိကြောင်း ဖားကန့်ဒေသခံများမှသိရသည်။


0 comments:

Post a Comment