Wednesday, May 8, 2013

KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် သင်ကြားသွားမည်

KIO MAI JA YANG အထက်တန်းကျောင်း၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့ (Mai Ja Yang) ထွယ်နင်ရှောင် (Htoi Ning Shawng) အထက်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်မှစ၍ တရုတ်စာကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်အစိုးရရဲ့ အကူအညီနဲ့သင်ကြားသွားမှာပါ။ သူတို့ဘက်က လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်နဲ့ နည်းပြဆရာတွေကို ပံ့ပိုးမှုပေးသွားမှာဖြစ်တယ်” ဟု ကျောင်းအုပ်ကြီး ဦးဖုန်ဆန့် ကပြောသည်။
ထိုကျောင်းတွင် ၅ တန်းမှ ၁၀ တန်းထိ သင်ကြားသွားမည်ဖြစ်ပြီး ကျောင်းသားသစ်အနေဖြင့် မြန်မာအစိုးရနှင့် KIO မည်သည့် ကျောင်းမှလာသည်ဖြစ်စေ ပဉ္စမတန်းတက်ရောက်မည့် ကျောင်းသားသစ် ၂၅ ယောက်ကိုသာ လက်ခံသွားမည်ဖြစ်ပြီး တက်ရောက်သူများသည် ဘော်ဒါဆောင် နေရမည်ဖြစ်သည်။
ကျောင်းသားများ၏ အစားအသောက်နှင့် ကျောင်းစရိတ်များကို KIO နှင့် မိဘများမှ ခွဲဝေပံ့ပိုးသွားမည်ဖြစ်ပြီး ကျောင်းကို လာမည့်ဇွန်လမှ ဖွင့်လစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှစကာ တရုတ်စာထည့်သွင်းသင်ကြားရခြင်းမှာ များစွာသောပညာရပ်များကို လျင်မြန်စွာ လက်လှမ်းမှီ သင်ယူတက်မြောက်နိုင်ပြီး အိမ်နီးချင်းနိုင်ငံ တရုတ် စာနှင့် စကားများကို ကျောင်းသားများအား တတ်မြောက်စေလိုသောကြောင့် ဖြစ်သည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။
“မိုင်ဂျာယန်မြို့မှာ ပထဆုံး တရုတ်စာထည့်သွင်းသင်ကြားသွားမဲ့ ကျောင်းလို့ပြောလို့ရတယ်။ အရင်ကတော့ မိုင်ဂျာယန် ပညာရေးကောလိပ်၊ Intensive English Program (IEP) ကျောင်းတွင်မှာ ခဏတော့သင်ကြားဖူး တယ်။ ဒါပေမဲ့ အခုတော့မရှိတော့ဘူး။”
အဆိုပါကျောင်းကို ယခင်က KIO ၏ စိုက်ပျိုး မွေးမြူရေးကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ၎င်းတွင် စိုက်ပျိုးရေးပညာ၊ ရိုးရာယာဉ်ကျေးမှုအကြောင်း၊ ဂီတ (music) ပညာ၊ စက်ချုပ်ပညာနှင့် လက်သမားပညာများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထိုမှ ၂၀၀၅ ခုနှစ်မှ စတင်ကာ ထွယ်နင်ရှောင် (Htoi Ning Shawng) ဘော်ဒါပြုလုပ်လိုက်ပြီး ၂၀၁၂ ခုနှစ်မှ ထွယ်နင်ရှောင် (Htoi Ning Shawng) ပညာရေးကျောင်းဆိုပြီး ပြန်လည်ဖွင့်လစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကျောင်းတွင် သင်ကြားပြီးမြောက်သော ကျောင်းသူ/သားများသည် KIO အစိုးရမှဖွင့်လှစ်ထားသာ TTC (Teacher Training College)၊ IEP (Intensive English Program) ကျောင်းများတွင် ဆက်လက်သင်ယူခွင့် ရှိကြောင်း သိရသည်။
မိုင်ဂျာယန် Htoi Ning Shawng အထက်တန်းကျောင်းတွင် ယမန်နှစ် ကျောင်းသားဦးရေ စုစုပေါင်း (၈၆) ယောက်ရှိပြီး ယခုနှစ် စီမံကိန်းအဖြစ် အခြေခံပညာမူလတန်းကျောင်းကို ဆက်လက်တည်ထောင်သွားရန် လည်းရှိကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment