Wednesday, May 15, 2013

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ၀မ်းပျက် ၀မ်းလျှောနှင့် နှာစေးချောင်းဆိုးသူ များနေ

ZAI AWNG HPYEN YEN DABANG, WAIMAW GINWANG.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ယခုလ မိုးရာသီဝင်လာချိန်မှစကာ ၀မ်းပျက်၊ ၀မ်းလျှောရောဂါနှင့် နှာစေးချောင်းဆိုးသူ များလာပြီး ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရေကို ကြိုချက်သောက်သုံးခြင်းမရှိခြင်း၊ လူများခြင်းနှင့် ရာသီဥတုအေးသောနေရာဖြစ်ပြီး ကလေးငယ်များတွင် အများပိုင်းဖြစ်နေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာမ လဂီထုလွမ် (Lagyi Htu Lum) က KNG ကချင်သတင်းဌာန သို့ပြောသည်။
“အဓိက ကလေးဆေးက လုံးဝခက်ခဲနေတာ။ တချို့က လေထိုးပြီးတော့ ဝမ်းလျှောတယ်။ တချို့က ဝမ်းမသွားဘဲနဲ့ အန်နေတာ။ ၁ နှစ်ကျော်ကနေ  ၅ နှစ် အရွယ်တွေမှာဖြစ်နေတာ။ အခုက ဓာတ်ဆားပေး ဖို့တောင်မရှိဘူး။”
ထို့ပြင် ၎င်းဒုက္ခသည်စခန်းတွင် HIV/AIDS ရောဂါဖြစ်ပွားသူ ၃၀ ကျော်၊ အဆုတ်တီဗီရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိနေပြီး ဇန်န၀ါရီလအတွင်း HIV/AIDS ဖြစ်သူမှ မွေးဖွားသော ကလေး ၄ ဦး၊ လူကြီး ၁ ဦးနှင့် အဆုတ်ရောဂါဖြစ်သူ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။
ထိုသို့ရောဂါဖြစ်ပွားနေသူများအတွက် ဆေးဝါးများလိုအပ်နေပြီး လိုင်ဇာမြို့မှ သင်ဆိုင်ရာ HIV/AIDS ဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခြင်း၊ ရောဂါဖြစ်သူများ၏ နာမည်စာရင်းများ ကောက်ခံသွားခြင်းများ ပြုလုပ်သွားသော်လည်း ယခုချိန်ထိ လာရောက် ကူညီပေးခြင်း မရှိသေးကြောင်း ဇိုင်းအောင် ကျန်းမာရေးဌာနမှ ပြောသည်။
၎င်းဒုက္ခသည်စခန်းတို့တွင် ကျန်းမာရေးအဖွဲ့မှ အိမ်သာများ စစ်ဆေးပေးခြင်း၊ ၀က်ခြံများ၊ မီးဖိုချောင်များကို ကြည့်ရှုပြုလုပ်ပေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ပညာပေး ဟောပြောပွဲများကို တစ်လ နှစ်ကြိမ် ပြုလုပ်ပေးနေကြောင်း သိရသည်။
တစ်ဖက်တွင် မေလ ၂၅ ရက်နေ့မှ စတင်၍ ကျောင်းများလက်ခံတော့မည်ဖြစ်ပြီး ကျောင်းသုံး ပစ္စည်းကိရိယာများ လိုအပ်နေကြောင်း ဇိုင်းအောင်ဒုက္ခသည်စခန်းမှ ကျောင်းအုပ်ကြီး ဒေါ်ရွယ်ဂျီး ကပြောသည်။
“ကျောင်းစာက ဇွန် ၁ ရက်ကနေ သင်တော့မယ်ဆိုတော့ ကလေးတွေရဲ့ ဗလာစာအုပ်၊ ဖိနပ်၊ ထီး၊ ကျောင်းဝတ်စုံကအစ။ အစအစ အရာရာအားလုံး လိုတယ်။ ကျောင်းက ဒီမှာတက်လို့ရတဲ့သူတွေ အားလုံးကိုလက်ခံတယ်။”
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေရှိ မုန်ဂါဇွပ် (Mungga Zup) ဟု လည်းခေါ်သည့် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၀၀၀ ကျော်ရှိသည့်အနက် ကျောင်းသားဦးရေ ၇၂၁ ဦးရှိပြီး သူငယ်တန်းမှ ၈ တန်းထိ သင်ကြားပေးနေကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment