Tuesday, May 14, 2013

အကူညီနည်းလာခြင်းကြောင့် ဇီးလွန် ဒုက္ခသည်ကလေးများအတွက် ပညာရေး စိုးရိမ်ရ

တရုတ်နယ်စပ် ကချင်စစ်ပြေးဒုက္ခသည် ကလေးများ။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် အကူအညီများ နည်းလာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကလေးများ ပညာရေးအတွက် မိဘများ စိတ်ဆင်းရဲနေရကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ယခင်က ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးအတွက်ကူညီပေးနေကာ အခြား အလှူရှင်များလည်း လာရောက်ကူညီနေခြင်းမှ ယခုနောက်ပိုင်း အကူအညီများပြတ်လတ်လာသည်ဟု သိရသည်။
ထို့ပြင် မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သောကြောင့် ဒုက္ခသည်စခန်းမှ မိဘများသည် ငွေရေးအခက်အခဲကြောင့် စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု ၎င်းဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေး နေသော ဆရာ လဘန်အောင် (Sara Labang Awng) က ပြောသည်။
“အခုချိန်က ဆန်နဲ့ ဆားတော့ ရှိတယ်။ ဟင်းအတွက်နဲ့ တခြားဟာတွေ အများကြီး လိုနေတယ်။ တချို့က သိသလို နေ့စားသွားပြီးရှာစားနေတယ်။ မသွားနိုင်တဲ့ မိခင်တွေက အရမ်းခက်နေတယ်။ ပြီးတော့ အခု ကလေးတွေ ကျောင်းဖွင့်ချိန်နီးလာတဲ့အတွက် မိဘတွေက စိတ်ဆင်းရဲနေကြတယ်။”
ယခုချိန် ၎င်းဒုက္ခသည်စခန်းတွင် ဇီးလွန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တစ်လလျှင် ကျပ် ၂ သိန်းအကူအညီနှင့် တချို့မိဘများ နေ့စားသွားကာ တတ်နိုင်သလို ရှာဖွေစားသုံးနေကြောင်း သိရသည်။
ဇီးလွန်ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၀၀ ကျော်ရှိပြီး ကျောင်းသူ/သားများ ၁၈၀ ကျော်ရှိကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment