Friday, May 24, 2013

အစိုးရတပ်နှင့် KIO မုန်ဂိုးဒေသတွင် တိုက်ပွဲဖြစ်

LAHTA SAM MUNG MUNGGU GINRA NA KIA DAPDUNG 36 HPYENLA NI.


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ ၄ နယ်မြေ၊ တပ်ရင်း ၃၆ မုန်ဂိုးဒေသတွင် မြန်မာအစိုးရတပ်နှင့် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung-MHH) ကြား မေလ ၂၃ ယမန်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

အင်အား ၅၀ ကျော် အစိုးရတပ် ခလရ ၁၂၆ စစ်ကြောင်းသည် KIO ပြည်သူ့စစ် (MHH) တပ်များရှိရာ မုန်ဘော် အနီး ဝယုန် (Wa Yung) ရွာဟောင်းသို့ စစ်ဆင်လှုပ်ရှားလာစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KIA စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်းအစိုးရတပ်သည် ဟူးကန့်ဘက်မှ တက်လာသည့်စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် မုန်ဘော် (Mungbaw)၊ မန်ကျန် (Man Chyang) ရွာဘက်သို့ နောက်ဆုတ်သွားသည်ဟု  မျက်မြင်များဆိုသည်။
တိုက်ပွဲတွင် နှစ်ဖက်တပ်မှ သေဆုံးထိခိုက်မှု မည်မျှ ရှိ မရှိ မသိရပါ။
မေလ ၂၂ ဗုဒ္ဓဟူးနေ့  နံနက်ပိုင်းတွင်လည်း KIA တပ်ရင်း ၁၇ နယ်မြေ ‘၀’ နယ်နိမိတ် အနီး ဂန်မိန်း (Gan Mying) နှင့် သိန္ဋီ ကြားရှိ နမ်ချရတ် (Nam Jarap) ရွာအပြင်ဘက်တွင် နာရီဝက်ကြာ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ရှေ့တန်းမှ KIA စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ယင်း အစိုးရစစ်ကြောင်းသည် မန္တလေးဘက်မှ ကား ၄ စင်း စစ်အင်အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၇ နယ်မြေသို့ ထိုးဖောက်ဝင်ရောက်လာစဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
ယင်း စစ်သားများ အပြည့်တင်ဆောင်ထားသော စစ်ကား ၄ စင်းမှ ၁ စင်းကို KIA တပ်မှ တိုက်ခိုက်ခဲ့ရာ ၎င်းမှ ဒဏ်ရာရသူများကို လာရှိုးဘက်သို့ သယ်ဆောင်သွားကြောင်း မျက်မြင်များပြောသည်။
၎င်းနောက် နောက်ထပ် အစိုးရစစ်ကား ၅ စင်း တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ချီတက်လာပြီး နမ်ချရတ် (Nam Jarap)၊ ကွန်လုံ (Kung Lung) နှင့် ဂမ်မိန်း (Gan Mying) ရှိ စစ်စခန်းများသို့ လက်နက်၊ ရိက္ခာနှင့် လူအင်အားများ ဖြည့်ထားခဲ့ကြောင်း KIA စစ်ဗိုလ်များဆိုသည်။
မြန်မာအစိုးရနှင့် KIO ကြား လာမည့်အပတ်အတွင်း မြစ်ကြီးနားမြို့တွင် နောက်ထပ် တွေ့ဆုံရန် စီစဉ်ထားချိန် ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေတွင် နှစ်ဖက်တပ်များ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment