Friday, July 1, 2016

KIA ဌာနချုပ် အနီး အစိုးရတပ်နှင့် တိုက်ပွဲ တပတ်ကြာ ဖြစ်ပွား နေ


ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား လိုင်ဇာ ဗဟိုဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ယနေ့ ဇူလိုင် ၁ ရက်နေ့မှာ တပတ် ရောက်လာပြီ ဖြစ်သည်။

ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် (Nam San Yang) ကျေးရွာအနီး မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီး အနောက်ဘက် လဇိန်ကောင် (Lazing Kawng) ရွာ အနီး နှစ်ဖက်တပ်ဖွဲ့ကြား ဇွန် ၂၅ ရက် ကတည်းက တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခု တိုက်ပွဲ ဖြစ်ပွားသော နေရာသည် နမ်ဆန်ယန် ကျေးရွာ အရှေ့တောင်ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် ဆယ်မိုင်ခန့် အကွာမှာ တည်ရှိပြီး ဗဟိုဌာနချုပ် လုံခြုံရေးအတွက် အရေးပါသော နေရာလည်း ဖြစ်ပါသည်။

ယနေ့ နံနက်ပိုင်းက KIA တပ်ရင်း (၁၈) ရှေ့တန်း နယ်မြေ ဖြစ်သော လဇိန်ကောင်ရွာ (Lazing Kawng) အနီး စစ်ရေး လှုပ်ရှားလာသော အစိုးရတပ် ခမရ (၃၈၂) နှင့် ခလရ (၅၁) ပူးပေါင်း တပ် အင်အား ၂၀၀ ခန့်ကို KIA တပ်ဖွဲ့များ မိုင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ပြောသည်။

ဇွန် ၂၉ နှင့် ၃၀ မှာလည်း ရွာအနီး အစိုးရတပ် ခမရ (၃၈၂) နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ခဲ့ပါသည်။

ဇွန် ၂၈ ရက်နေ့ကလည်း ခလရ (၅၁) အစိုးရ စစ်ကြောင်းများနှင့် ရွာ တောင်ဘက်တွင် တစ်ကြိမ်၊ ၎င်းစစ်ကြောင်းကို တပ်ကူပေးရန်လာသည့် ခမရ (၃၈၂) စစ်ကြောင်းနှင့် ရွာ မြောက်ပိုင်း Chyahkya Hka ချောင်းအနီးမှာ တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တပတ်ကြာ တိုက်ပွဲများတွင် အစိုးရတပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားနိုင်သည်ဟု လိုင်ဇာမှ KIA အရာရှိများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

‘အစိုးရသစ် တက်လာသည့် သက်တမ်း (၃) လ အတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှု ပို၍ တိုးလာနေကြောင်း’ လိုင်ဇာမှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောပါသည်။


0 comments:

Post a Comment