Monday, July 4, 2016

အစိုးရတပ် အကျအဆုံး များခြင်းမှ KIA ကို အင်အားသုံး တုံ့ပြန်ရန် ပြင်ဆင်နေ



ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟို ဌာနချုပ် လိုင်ဇာ အနီး နမ်ဆန်ယန် တစ်ဝိုက် တပတ်ကျော် တိုက်ခိုက်မှုတွင်း အစိုးရတပ်ဘက် ကျဆုံးမှုများသည့် အတွက် KIA ကို အင်အားကြီးဖြင့် ပြန်လည် တိုက်ခိုက်ရန် အခြေအနေရှိနေကြောင်း သိရပါသည်။

လွန်ခဲ့သည့် ဧပြီလ က အစိုးရတပ် သိမ်းပိုက်ခဲ့သည့် KIA ဆွတ်ရှန် (Sut Shang) စခန်းသို့ တပ်အပြောင်းအလဲနှင့် ရိက္ခာသယ်လာသည့် တပ်မတော်စစ်ကြောင်းနှင့် KIA တို့ လဇိန်ကောင် (Lazing Kawng) ကျေးရွာတွင် ဇွန် ၂၅ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

တစ်ပတ်ကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KIA ဘက် ထိခိုက်သေဆုံးမှု မရှိသေးသော်လည်း အစိုးရတပ်တွင်မှု ကျဆုံး ဒဏ်ရာရ မှု များနေကြောင်းကို လိုင်ဇာ မြို့ခံ တစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောပါသည်။

“တိုက်ပွဲ ၈ ရက်လုံးကို ပြန်တွက်မယ်ဆိုရင်တော့ ကျဆုံး ဒဏ်ရာရသူအားလုံး ၁၅၀ ကျော် လောက်ဖြစ်မယ်။ ဇူလိုင် ၁ ရက်နေ့ တိုက်ပွဲမှာတင် ၈၀ ကျော်သွားတယ်ဆိုတော့ မလွယ်တော့ဘူးလေ။ အဲဒီရှေ့မှာ ကားနှစ်စီးနဲ့ လာသယ်သွားတယ်။ ကားတစ်စီးနဲ့ လာသယ်ပြန်တယ် အဲလောက်ပါပဲ”

ဇူလိုင် ၁၊ သောကြာနေ့ တစ်ရက်တည်း အင်အား ၂၀၀ ကျော်ရှိသည့် အစိုးရတပ် ခလရ (၅၁) နှင့် ခမရ (၃၈၂) ပေါင်းဖွဲ့တပ်တို့နှင့် KIA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အစိုးရတပ်ဘက် အယောက် (၈၀) ကျော် ကျဆုံးခဲ့ပြီး ဗိုလ်အဆင့် ၃ ဦးလည်း ပါကြောင်း သိရသည်။

ယခုလို အစိုးရတပ်ဘက် သေဆုံးမှုများရခြင်းမှာ အချင်းချင်း ပစ်ကူပေးတဲ့ လက်နက်ကြီးကြောင့် ဖြစ်ကြောင်း အထက်ပါ လိုင်ဇာမြို့ခံက ဆက်ပြောပါသည်။

“သောကြာနေ့က နည်းနည်း ထိခိုက်မှုများသွားတယ်။ သူတို့ အင်အား ၂၀၀ ကျော်နဲ့ တက်လာတော့ ကျနော်တို့ ဘက်ကတော့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်၊ ဘဇူကာနဲ့ ပစ် လက်နက်ငယ်တွေနဲ့ ပစ်ပြီး ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ပြန်ဆုတ်သွားတော့ သူတို့ တပ်စွဲထားတဲ့ ခ ယာဘွမ်၊ ဒွမ်ဘန်ဘွမ် တွေကနေ လက်နက်ကြီး ပစ်ကူတဲ့ဟာလည်း သူတို့အချင်းချင်း ပြန်ထိတော့ ရိက္ခာသယ်လာတဲ့ မြင်း ၂၀ ကောင် လည်း တစ်ခါတည်း အဲမှာ သေသွားတယ်။ ဒီလိုနဲ့ ဖရိုဖရဲပဲ အဲဒီနေ့မှာ ဗိုလ်မှုး ၁ ယောက် နဲ့ ဗိုလ်ကြီး ၂ ယောက် ကျဆုံး သွားတယ်။”

ယခုချိန် ကန်တော်ယန် (Gang Dau Yang) အစိုးရတပ် ရှေ့တန်း စစ်ဗျူဟာ က KIA ကိုပြန် လက်စားချေ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း လိုင်ဇာမြို့ခံ က အခုကို ပြန်ပြောပါသည်။

“ပြန် တိုက်ခိုက်လာမည့် အခြေအနေရှိတယ်။ အဲဒီ ဇူလိုင် ၁ ရက်နေ့ ကတောင် မှ ဂျက်လေယာဉ် ၂ စီးနှင့် လာတယ်။ အဲချိန် မီးခိုးတွေနဲ့ပဲဆိုတော့ သူတို့အချင်းချင်း ပစ် မိမယ့် အနေအထားရှိတော့ မပစ်နိုင်ဘဲ လေး ငါး ခေါက်လောက် ပျံပြီး ပြန်ခေါက်သွားတယ်။ အခု ဒွမ်ဘန်ဘွမ် နှင့် ကန်တော်ယန် မှာက သူတို့ ဗျူဟာမှုး တွေ ရောက်နေပြီး စစ်ဆင်ရေး ဆွဲနေတယ်။ ဒွမ်ဘန်ဘွမ် မှာက အမြောက်ဆံ ကားတစ်စီး သယ်ထားပြီ။ သူတို့က နမ်ဆန်ယန်-ဘန်ဒေါင်က နေ ကန်တော်ယန်-ဒဘတ် အထိ ကားလမ်းနှင့် ဧရာဝတီမြစ် ကြား နယ်မြေတွေမှာရှိနေတဲ့ KIA တပ်တွေကို ရှင်းလင်းရေးလုပ်ဖို့ စစ်ဆင်ရေးကြီး လုပ်နေတယ်။”

တစ်ဖက်တွင် အစိုးရက ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လာမည့် သြဂုတ်လတွင် စတင် ကျင်းပနိုင်ရန် ပြင်ဆင်နေသည့် အချိန်ဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကလည်း NCA စာချုပ် လက်မှတ်ထိုး၊ မထိုး အဖွဲ့အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကို KIO နယ်မြေ မိုင်ဂျာယန်မြို့တွင် နောက်အပတ်အတွင်း ပြုလုပ်ရန် စီစဉ်နေသည့် အချိန်လည်း ဖြစ်နေပါသည်။


0 comments:

Post a Comment