Thursday, June 23, 2016

ကချင် ဒေသ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အမေရိကန် အစိုးရ ကို တင်ပြ


ကချင်အမျိုးသားများ၏ လက်ရှိနိုင်ငံရေးအခြေနေနှင့် လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှု တို့နှင့် ပတ်သက်ပြီး အကြီးဆုံး ကချင်ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များက အမေရိကန်အစိုးရကို ဇွန်လ ၂၁ ၊ ၂၂ ရက်နေ့ ဝါရှင်တန်မြို့တော် တွင် တွေ့ဆုံစဉ် တင်ပြခဲ့ပါသည်။

ဝါရှိန်တန်အခြေစိုက် Kachin Alliance အဖွဲ့ တာဝန်ခံ N’Sang Gum San ဦးဆောင်မှုဖြင့် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson နှင့် ကချင် ရိုမန် ကတ်သလစ် အသင်းတော်မှ Fr. Dr. Gawlu Yung Wa တို့သည် ဇွန်လ ၂၁ တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့် ဇွန် ၂၂ တွင် အမေရိကန် နိုင်ငံခြားရေး ဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြား ရေးရာ ၀န်ကြီး Mr. Tom Malinowski တို့နှင့် တွေ့ဆုံခဲ့ပါသည်။

လွန်ခဲ့သည့် တနင်္လာ ဇွန် ၂၀ ရက်ညက ပစ်သတ်ခံရသည့် မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) အမှုနှင့် ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကချင်ဆရာမ ၂ ဦး အမှုတို့သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက် နေခြင်း ဖြစ်သည် ဟု အမေရိကန် အစိုးရက ပြောကြောင်း Rev. Dr. Hkalam Samson က ပြောပါသည်။

အသင်းတော်များ ဦးဆောင်သော ကချင်လူထု ဘိန်းခင်း တိုက်ဖျက်ရေး အစီစဉ် အတွက်လည်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ လိုအပ်နေသည်အကြောင်း Mr.Patrick Murphy နှင့် Mr. Tom Malinowski တို့ကို တင်ပြခဲ့သည်ဟု ဆရာ Samson က ဆက်ပြောပါသည်။

ထို့အပြင် ကချင်စစ်ပြေးဒုက္ခသည်များကို ထောက်ပံ့ပေးနေသည့် နိုင်ငံခြားအကူအညီများ လျော့နည်းသွားသည့်အပြင် အချို့ထောက်ပံ့ပစ္စည်းများကိုလည်း နယ်စပ် စစ်ပြေးဒုက္ခသည်စခန်းများကို ပို့ဆောင်ရန် အစိုး ရတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ တားမြစ်ထားသည်ကိုလည်း တင်ပြခဲ့ကြောင်း ဆရာ က ဆိုပါသည်။

အစိုးရသစ် ပြောင်းလဲခဲ့သော်လည်း စစ်တပ်၏ အရေးပါမှုမှာ နဂိုအတိုင်းရှိနေသည့်အပြင် စစ်ရေး အခြေနေ ပိုပြီး တင်းမာလာဖွယ်ရှိကြောင်းကိုလည်း တင်ပြခဲ့ကြောင်း သိရပါသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ဘက်မှလည်း ၂ ရက်သာ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း ဆရာ က ပြောပါသည်။


0 comments:

Post a Comment