Wednesday, June 22, 2016

ပစ်သတ်ခံရသော ကချင် ကျောင်းသား ကိစ္စ အမေရိကန် အစိုးရ ကို တင်ပြ မည်


မြန်မာ အစိုးရ စစ်သားများ၏ မတရား ပစ်သတ်ခံရသော ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် (Gum Seng Awng) ကိစ္စ အမေရိကန် အစိုးရ အရာရှိများနှင့် ကချင် ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များ ယနေ့ ၀ါရှိန်တန် မြို့တော်တွင် တွေ့ဆုံစဉ် တင်ပြသွားမည်ဖြစ်သည်။

မြန်မာ အစိုးရ စစ်သားများ၏ မတရား ပစ်သတ်ခံရသော ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် (Gum Seng Awng) ကိစ္စ အမေရိကန် အစိုးရ အရာရှိများနှင့် ကချင် ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များ ယနေ့ ၀ါရှိန်တန် မြို့တော်တွင် တွေ့ဆုံစဉ် တင်ပြသွားမည်ဖြစ်သည်။

ဆရာတော် နှစ်ပါး ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson နှင့် ကချင် ရိုမန် ကတ်သလစ် အသင်းတော်မှ Fr. Dr. Gawlu Yung Wa တို့သည် အမေရိကန် နိုင်ငံခြားရေး ဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြား ရေးရာ ၀န်ကြီး Mr. Tom Malinowski နှင့် တွေ့ဆုံမည်ဖြစ်သည်။

တွေ့ဆုံမှုတွင် “အစိုးရ စစ်သားများ၏ ဇွန် ၂၀ ရက်နေ့ည က မတရား ပစ်သတ်ခံရသော ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် (Gum Seng Awng)၊ အသက် (၁၉)နှစ် ကိစ္စ” ကို မြန်မာပြည်မှ ရောက်ရှိလာသော ကချင် အသင်းတော် ဆရာ နှစ်ပါးမှ တင်ပြသွားမည် ဖြစ်သည်ဟု ၀ါရှိန်တန်အခြေစိုက် Kachin Alliance အဖွဲ့ တာဝန်ခံ N’Sang Gum San က ဆိုပါသည်။

မြစ်ကြီးနား ကွန်ပျူတာ ပထမနှစ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) ကို တနင်္လာနေ့ ည က မြစ်ကြီးနား၊ သီတာ ရပ်ကွက် သခင်နက်ဖေလမ်းနှင့် သီတာလမ်း လေးဒေါင့် တွင် တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်(၇၂၇)မှ တပ်သား မောင်မောင်နှင့် ဒုတပ်ကြပ် နန်ဟီးခင်ဒန် တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ကျည်ဆံ ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးသွားသော ဂွမ်ဆိုင်းအောင် (Gum Seng Awng) ၏ ရုပ်ကလပ်ကို ဇွန် ၂၃၊ မနက်ဖြန် ၁ နာရီတွင် မြစ်ကြီးနားမြို့၊ နောင်းနန် Jaw Bum ခရစ်ယာန် သချိုင်းတွင် မြုပ်နှံမည်ဖြစ်ပါသည်။

ယခု အမှုမှန်ကို တရားမျှတစွာ အမြန်ဖြေရှင်းပေးရန် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) က သက်ဆိုင်ရာ အာဏာပိုင်များကို ဇွန် ၂၁၊ ယမန်နေ့က ကြေညာချက်ဖြင့် တောင်းဆိုလိုက်ပါသည်။

ထို့အပြင် မြန်မာပြည်မှ ကမ္ဘာကျော် MMA (Mixed Martial Arts) လက်ဝှေ့ ကစားသမား အောင်လ အင်ဆန် (Awng La N’Sang) ကလည်း ‘I am Gum Seng Awng’ ဆိုပြီး ပစ်သတ်ခံရသူ၏ နာမည်ကို သူ့ လက်တွင် ရေးကာ သူ၏ facebook profile ပုံအဖြစ် ပြောင်းထား ပါသည်။

ဗုဒ္ဓဟူးနေ့ (မြန်မာစံတော်ချိန် ကြာသပတေးနေ့) အမေရိကန် နိုင်ငံခြားရေး ဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြား ရေးရာ ၀န်ကြီး Mr. Tom Malinowski နှင့် တွေ့ဆုံစဉ် အစိုးရမှ ဥပဒေအရ အရေးယူရန် လစ်လျူရှုထား ခံနေရသော ၂၀၁၅ ဇန်နဝါရီလ ၁၉ ရက်ညက ရှမ်းပြည်နယ်မြာက်ပိုင်း ကောင်းခါး ကျေးရွာ တွင် အစိုးရ စစ်သားများ၏ အုပ်စုလိုက် အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့် ကချင် စေတနာ့ ဝန်ထမ်း ဆရာမ ၂ ဦး အမှုနှင့် ပတ်သက်ပြီးလည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။


0 comments:

Post a Comment