Thursday, June 9, 2016

ကချင်ဒေသ တစ်ကျော့ပြန် တိုက်ပွဲ (၅)နှစ်ပြည့် အခမ်းအနား ကျင်းပ


ကချင်ဒေသ တစ်ကျော့ပြန် စစ် ဖြစ်ခြင်း (၅) နှစ်ပြည့် အစီစဉ်များကို ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မနောကွင်းကြီး တွင် လူပေါင်း တစ်သောင်းကျော် ပါဝင် ကျင်းပ ခဲ့ပါသည်။

အစီစဉ်ကို မနက် ၇ နာရီ မနောကွင်းသို့ လမ်းလျှောက်ချီတက်လာခြင်း၊ ၉ နာရီ ဝတ်ပြုဆုတောင်းခြင်း အစီစဉ်နှင့် စစ်ဘေးသင့် ရင်ဖွင့်သံ အစီစဉ် စသည်ဖြင့် (၃)ပိုင်းခွဲကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ စစ်ဘေးဒုက္ခသည်စခန်းများမှ လူဦးရေ ၆၀၀၀ ကျော်သည် ကြွေးကြော်သံများ ကိုင်ဆောင်ကာ မနောကွင်းသို့ တိတ်ဆိတ်စွာ လမ်းလျှောက်ချီတက်လာခဲ့ပါသည်။

ထို့နောက် မနောကွင်းတွင် စစ်ပြေးဒုက္ခသည်များ က “စစ်ပွဲ အမြန်ဆုံး ရပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို ပြင်းထန်စွာ အမြန်ဆုံး အရေးယူပေးရန်၊ စစ်ဘေးရှောင် ကလေးများ၏ ပညာရေးကို အစိုးမှ အထူးဂရုစိုက်ပေးရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်” အစရှိသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ ကြပါသည်။

ထို့အပြင် အခမ်းအနားတွင် ဓါတ်ပုံ သရုတ်ဖော်ပြခန်း၊ စစ်ပွဲအတွင်း အစိုးရတပ်၏ မတရားနှိပ်စက်မှုကို ခံခဲ့ရသူ ဦးဘရန်ယုန် (Slg. Brang Yung)၏ သက်သေခံချက်နှင့် စစ်ပြေးဒုက္ခသည် စခန်းအချို့မှ စစ်ရှောင် ပြည်သူများ၏ ရင်တွင်း ခံစား မှုများကိုလည်း ဖွင့်ဟပြောဆိုခဲ့ကြသည်။

ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့နှင့် စစ်ပြေးဒုက္ခသည် ပြည်သူများမှ စစ်ပွဲ (၅)နှစ်ပြည့်ချိန် သဘောထား (၂) ခုကိုလည်း ထုတ်ပြန်လိုက်ပါသည်။

ယနေ့ အခမ်းအနားကို စစ်ပြေးဒုက္ခသည်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများ စုစုပေါင်း လူထု တစ်သောင်းကျော် တက်ရောက်ခဲ့ကြပြီး နေ့လည်စာ အဖြစ် ထမင်းဖြူ၊ ဆားနှင့် ရေသန့်ဘူး တို့ဖြင့်သာ စားသောက်ခဲ့ကြပါသည်။

၂၀၁၁ ဇွန်လ ၉ ရက်နေ့ ကချင်ဒေသတွင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်သည် စစ်ပြေးရှောင် စခန်းများတွင် ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါသည်။


0 comments:

Post a Comment