Wednesday, November 18, 2015

မြန်မာအစိုးရ က KIA ပေါ် လေကြောင်း မှ အပြင်းအထန် တိုက်ခိုက်



 ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို နိုဝင်ဘာ(၁၆) ရက်နေ့က မြန်မာအစိုးရ လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

၂၀၁၁ ခုနှစ် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီးနောက် ယခု လေကြောင်းတိုက်ခိုက်မှုသည် အပြင်းထန်ဆုံး ဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများ ပြောပါသည်။

မိုးညှင်းမြို့ ပတ်ဝန်းကျင်ရှိ KIA စခန်းများကို မိုးညှင်းအမြောက်တပ်မှ လက်နက်ကြီး အကြိမ် ရာပေါင်းများစွာ ပစ်ခတ်မှုအပြီး တရက်အကြာ ၎င်း KIA စခန်းများကို လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားလုပ် စစ်ရဟတ်ယာဉ် (၂)စင်းနှင့် ဂျက်တိုက်လေယာဉ် (၄)စင်းပါဝင်ကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မိုးညှင်းမြို့ အရှေ့ဘက် Loi Yang Bum တောင်ပေါ်မှ KIA တပ်မဟာ(၈) ဌာနချုပ်နှင့် ၎င်း၏ရှေ့တန်းစခန်းများ၊ မိုးညှင်းမြို့ အနောက်ဘက် KIA တပ်ရင်း(၃၅)နှင့် ၎င်း၏ ရှေ့တန်းစခန်းများသည် တပ်မတော် ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု ခံရသည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

ယခုလို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် မိုးညှင်းမြို့ပတ်ဝန်းကျင် ရှေ့တန်းစခန်း အချို့မှ KIA တပ်များ ဆုတ်ခွာပေးရသော်လည်း Loi Yang Bum တောင်ပေါ်တွင် KIA တပ်များ ဆက်လက်အခိုင်အမာရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်မှ မိုးညှင်းမြို့နယ်အတွင်း အသစ် တိုးချဲ့ဖွဲ့စည်းသော KIA တပ်မဟာ(၈) လက်အောက်တွင် မိုးညှင်းမြို့အရှေ့ဘက် ဆင်ဘို ဒေသအခြေစိုက် တပ်ရင်း(၅)၊ အင်းတော်ကြီးအိုင် ဒေသအခြေစိုက် တပ်ရင်း(၂၆)နှင့် တပ်ရင်း(၃၅) တို့ ပါဝင်သည်။

Loi Yang Bum KIA တပ်မဟာ(၈) ဌာနချုပ်သည် မိုးညှင်းမြို့ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ မှာ အခြေစိုက်ထားပါသည်။

နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲပြီးနောက် အင်းတော်ကြီးအိုင်နှင့် ဆင်ဘို ဒေသနှစ်ခုရှိ KIA တပ်စခန်းများသည်လည်း အစိုးရတပ်၏ရန်ရှာပစ်ခတ်မှုပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများရှိနေကြောင်း သိရသည်။

တပ်မဟာ(၈) တိုးချဲ့ဖွဲ့စည်းရခြင်း အဓိကအကြောင်းရင်းမှာ ယခင် ယင်းဒေသများကို ဟူးကောင်းချိုင့်ဝှမ်းအခြေစိုက် KIA တပ်မဟာ(၂)မှ ထိန်းချုပ်ခဲ့သော်လည်း ကောင်းမွန်စွာ ထိန်းချုပ်ရန် ခက်ခဲလာခြင်းကြောင့် ယခုလို တပ်မဟာ အသစ် ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ ဆိုပါသည်။

မြန်မာအစိုးရသည် ‘မိုးညှင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲ အနိုင်ရခြင်းပေါ် မလိုလားသောကြောင့် စစ်ရေးဖြင့် သတိပေးတုန့်ပြန်ခြင်း သို့မဟုတ် KIA တပ် တိုးချဲ့ဖွဲ့စည်းခြင်းကို မလိုလားသောကြောင့် ရွေးကောက်ပွဲအပြီး KIA ပေါ် ယခုလို အကြီးမားဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းလည်း ဖြစ်နိုင်သည်’ ဟု KIA အရာရှိများ ရှုမြင်ကြသည်။


0 comments:

Post a Comment