Thursday, November 19, 2015

မိုးညှင်း မြို့ပြင်တွင် တိုက်ပွဲ ဖြစ်ပွားနေ


မိုးညှင်း မြို့ပြင် Loi Yang Bum တောင်ခြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ယနေ့ နံနက်ပိုင်း ၈နာရီကျော်မှ ယခုသတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

မြို့ပတ်လမ်းတွင် နေရာယူထားသော အစိုးရ သံချပ်ကာတပ်နှင့် အမြောက်တပ်များ မြို့၏ အရှေ့ဘက် KIA တပ်မဟာ(၈) တပ်ဖွဲ့များရှိရာ Loi Yang Bum ဘက်သို့ လက်နက်ကြီးများဖြင့် ၁နာရီခန့် ပစ်ခတ်ပြီးနောက် တောင်ခြေတွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားလာကြောင်း ဒေသခံများ ဆိုပါသည်။

၎င်းတောင်ခြေဘက်တွင် ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင်လည်း နှစ်ဖက်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

လေကြောင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်နှင့် အမြောက် နက်လက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် KIA တပ်များ ဆုတ်ခွာပေးသော Loi Yang Bum တောင်ပေါ်မှ KIA တပ်မဟာ(၈) ဌာနချုပ်သို့ ယမန်နေ့ နေလည်ပိုင်းတွင် အစိုးရတပ်များ ၀င်ရောက်လာသည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG သို့ အတည်ပြုပြောပါသည်။

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် KIA မှ တိုးချဲ့ဖွဲ့စည်းသော တပ်မဟာ(၈) အား အစိုးရက လေတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်နှင့် ကြည်းတပ်များဖြင့် နိုဝင်ဘာ(၁၅)ရက်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ရေးအရ မည်မျှပင် ဖိအားပေးနေသော်လည်း မိုးညှင်းမြို့နယ်မှ KIA တပ်မဟာ(၈) ရုပ်သိမ်းသွားရန် အစီစဉ် မရှိကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

ငါးရက်ကြာ တိုက်ပွဲကြောင့် ထွက်ပြေးလာသောစစ်ပြေးဒုက္ခသည် ၂၀၀ ကျော်ရှိလာပြီဖြစ်ပြီး ၎င်းတို့သည် သက်ဆိုင်ရာ မိုးညှင်းမြို့ ကချင်ခရစ်ယာန်ဘုရားကျောင်းများတွင် ခုံလှုံနေကြောင်း သိရသည်။ ဒုက္ခသည်အများစုသည် ကချင်လူမျိုးများဖြစ်ကာ ၎င်းတို့သည် အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်နေကျအတိုင်း ပစ်မှတ်ထားကာ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများပြုလာမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးရသည်ဟု ဆိုပါသည်။

မိုးညှင်းမြို့နယ်တွင် နိုဝင်ဘာ(၁၆) ညမှစပြီး တိုက်ပွဲဖြစ်ပွားရာ တောင်ခြေများသို့ ဒေသခံပြည်သူများ ၀င်ထွက်သွားလာခြင်း လုံးဝ မပြုရန် အစိုးရတပ်က ‘Martial Law’ စစ်အမိန့် ထုတ်ပြန်ထားသည်ဟု ဒေသခံများဆိုပါသည်။


0 comments:

Post a Comment