Friday, October 30, 2015

ရှမ်းမြောက် ကချင်ကိုယ်စားပြု တသီးပုဂ္ဂလ ကိုယ်စားလှယ်(၄) ဦး ရွေးကောက်ပွဲ ၀င်မည်


ကချင်ဘာသာလို Mungmyit Sinli Ga ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လူမျိုးများ ကိုယ်စားပြု တသီးပုဂ္ဂ ကိုယ်စားလှယ်(၄)ဦးကို ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ခဲ့ကြသည်။

၎င်းတို့မှာ မူဆယ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦး Mading Hkun Htu နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးနေရာအတွက် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဒူဝါ T.Zuk Dau၊ ကွတ်ခိုင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦး Npawt Seng Naw နှင့် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ရှေ့နေ ဦး Lashi La တို့ ဖြစ်သည်။

လူဦးရေ နှစ်သိန်းကျော်ရှိသော ရှမ်းပြည်မြောက်ပိုင်း ကချင်ကိုယ်စားပြု တသီးပုဂ္ဂ ကိုယ်စားလှယ်လေးဦးကို ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး မူဆယ်မြို့နယ် မဲအောင်နိုင်ရေး စည်းရုံးရေးမှူး ဆရာဂွန်အွန်က ယခုလို ရှင်းပြပါသည်။

“ကျနော်တို့ ကချင်ပါတီ ဒီ… Mungmyit Sinli Ga (ရှမ်းပြည်နယ်မြောက်ပိုင်း) မှာ တည်ထောင်ဖို့ ညှိနှိုင်းခဲ့သေးတယ်။ အဲ့ဒီလိုညှိနှိုင်းတော့ ကောင်းခါးပြည်သူ့စစ်အဖွဲ့က… လုပ်ပါ၊ သူတို့လည်း ထောက်ခံပါမယ်… လို့ ပြောတယ်။ လိုင်ဇာဘက်က ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ညှိနှိုင်းတော့… အခုအချိန်ဟာ တော်လှန်ရေးကာလဖြစ်တယ်၊ ဒါ့ကြောင့် ပါတီနိုင်ငံရေးကို အားထုတ်ခြင်းထက် အမျိုးသားနိုင်ငံရေးကိုသာ ပိုပြီး အတူတကွ ပါဝင်ကြိုးပမ်းကြရင် ကောင်းမယ်၊ ပါတီနိုင်ငံရေးလုပ်ဖို့ အချိန်စောသေးတယ်… ဆိုတာကြောင့် ကျနော်တို့ တခြားကချင်ပါတီပေါ်လာဖို့ အကြောင်းမရှိတော့ဘူး၊ ပြန်ရုပ်သိမ်းလိုက်တယ်။ ရုပ်သိမ်းလိုက်ပြီးနောက် အခု ကချင်ပါတီ ဖွဲ့စည်းခြင်းမရှိပေမယ့်လည်း ကချင်အမျိုးသားတွေ စုစည်းပြီး ကချင်လူမျိုးတွေများတဲ့ နေရာမှာ ကချင်အမျိုးသားအားလုံးရဲ့ ကိုယ်စား ရွေးကောက်ပွဲဝင်ဖို့အတွက် ပုဂ္ဂိုလ်လေးဦးကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်တွင် ကချင်လူမျိုးများနေထိုင်ကြသော်လည်း လူဦးရေ အများဆုံးရှိသော မူဆယ်ခရိုင်နှင့် ကွတ်ခိုင်မြို့နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

၎င်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လေးဦးကို စက်တင်ဘာလက ပြုလုပ်သော ရှမ်းပြည်မြောက်ပိုင်း ကချင်အမျိုးသားအစည်းအဝေးမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲနေ့တွင် ကချင်မဲဆန္ဒရှင်အားလုံး ၎င်းတို့ကိုသာ ထောက်ခံမဲပေးကြရန် လူထုစည်းရုံးရေးအစီစဉ်များကိုလည်း ယခုလ အောက်တိုဘာ လဆန်းမှ ပြုလုပ်နေပါသည်။

သို့သော်လည်း ဒေသခံ ရှမ်းလူမျိုးများနှင့် နှိုင်းယှဉ်လျှင် ကချင်လူမျိုးများက “နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေအရ ကျင်းပခြင်း ဖြစ်သောကြောင့်” မဲရုံသို့ မဲသွားပေးရန် ဆန္ဒ သိပ်မရှိကြ ဟု ဆရာဂွန်အွန်းက ပြောပါသည်။


0 comments:

Post a Comment