Tuesday, February 10, 2015

KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို

ဖေဖေါ်ဝါရီ ၅၊ ၂၀၁၅ အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (ABCUSA) မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Medley နဲ့ အဖွဲ့ ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်

အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦး၏အမှုကို တရားမျှတစွာ ဖော်ထုတ်ပေးရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (American Baptist Churches USA) မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Roy Medley က ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဖေဖော်ဝါရီလ ၉ ရက် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု KBC ၏ အတွင်းရေးမှူး Rev. Dr. Hkalam Samson က ပြောသည်။

ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ တွေ့ဆုံမှုတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံရသော ကျောင်းဆရာမ နှစ်ဦးအမှု တရားမျှတစွာ ဖော်ထုတ်ပေးရန်၊ ကချင်စစ်ပြေးဒုက္ခသည်များအား ထောက်ပံ့ရန်အတွက် လွတ်လပ်စွာ သွားလာ ခွင့်ပြုရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အတူလက်တွဲ ဆောင်ရွက်ရန် စသော အချက်များကို အဓိကထား တင်ပြခဲ့သည်ဟု သူက ပြောသည်။

“ဒီနှစ်ခြင်းသာသနာပြု အမေရိကန်အဖွဲ့ကတော့ သူတို့က ဒီဆရာမနှစ်ယောက်ရဲ့ ကိစ္စ အပြစ်မရှိတဲ့လူတွေကို ဒုက္ခမရောက်စေချင်တဲ့သဘောတွေ ပြောသွားပါတယ်။ မူးယစ်ဆေးဝါးမှာလည်း အတူတကွလက်တွဲ ဆောင် ရွက်ရမယ် ဆိုတာတွေ ပြောတယ်။ ကျနော်ကလည်း ဝန်ကြီးချုပ်ကို အဲဒီလိုဘဲ ပြောပါတယ်။ အမှုမှန်ကို အားလုံး ပွင့်ပွင့်လင်းလင်း စစ်ဆေးဖို့ လိုတယ်ဆိုပြီးမှ ပြောခဲ့ပါတယ်” ဟု Rev. Dr. Samson က ပြောသည်။

အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Roy Medley ဦးဆောင်သောအဖွဲ့နှင့် KBC မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Hkalam Samson တို့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် Lajawn Ngan Seng (ဦးလဂျွန်ငံဆိုင်း) အပါအဝင် ဥပဒေချုပ်၊ လူမှုရေးနှင့် ကချင်ပြည်နယ် အတွင်းရေးမှူးတို့ နှင့် နှစ်နာရီကြာ တွေ့ဆုံ၍ တင်ပြခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

“ဝန်ကြီးချုပ်ကတော့ သူတို့လည်း အသွင်ကူးပြောင်းရေးကာလမှာ ပြည့်စုံတယ်လို့တော့ မပြောလိုဘဲ ကြိုးစားနေရတယ် ဆိုတဲ့အကြောင်းတွေ ပြောပါတယ်” ဟု ဆရာ Samson က ပြောသည်။

Rev. Dr. Roy Medley ဦးဆောင်သောအဖွဲ့သည်ဖေဖော်ဝါရီလ ၉ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Rev. Dr. Hkalam Samson က ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်က အမေရိကန် သာသာနပြုအဖွဲ့များသည် KBC မှ ခေါင်းဆောင်များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ KBC ခေါင်းဆောင်များက ကချင်တိုင်းရင်းသားများအပေါ် အစိုးရခေတ် အဆက်ဆက်က ဖိနှိပ်နေမှုများနှင့် ဘာသာရေး ဖိနှိပ်ခံနေရမှုများကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်က Rev. Dr. Roy Medley ဦးဆောင်သော ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KBC ရုံးသို့ ရောက်ရှိလာချိန်တွင် ကချင်ရိုးရာ ဝတ်စုံများ ဝတ်ဆင်၍ ကချင်အမျိုးသားအလံ၊ KBC အလံများဖြင့် KBC အသင်းသားများ ၁၀၀၀ ကျော် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ ကချင်အမျိုးသားများကို ပထမဦးဆုံး နှစ်ခြင်း သာသနာကို စတင်ပေးခဲ့ပြီး နှစ်ပေါင်း ၂၀၀ ကျော်အကြာတွင် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု Rev. Dr. Hkalam Samson က ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်က ဖွဲ့စည်းလိုက်သော KBC ဆရာမနှစ်ဦး၏ အမှုအတွက် ၁၅ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီဝင်များ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ရှမ်းပြည်နယ် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် Namtau (နမ့်တောင်း) ကျေးရွာအုပ်စု Kawng Hka (ကောင်းခါး) ကျေးရွာသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူက ပြောသည်။

KBC မှ စေလွှတ်သော စေတနာဝန်ထမ်း ဆရာမ နှစ်ဦးသည် ၎င်းတို့နေထိုင်ရာ Kawng Hka (ကောင်းခါး)ကျေးရွာဖက်သို့ အစိုးရတပ်များတိုးချဲ့လာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့ ည က အဓ္ဓမပြုကျင့်သတ်ခံခဲ့ရခြင်းဖြစ်ရာ အစိုးရရဲတပ်ဖွဲ့မှ စစ်ဆေးမှုများရှိခဲ့သော်လည်း ယခုချိန်ထိအမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။


0 comments:

Post a Comment