Friday, February 20, 2015

ကချင်ဆရာမ ၂ ဦးအမှု အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်သာလန် ရှိ ကချင်တိုင်းရင်းသားများ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၅ Belgium နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်၍ ဆန္ဒပြနေပုံ။

အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ကချင်ကျောင်း ဆရာမ နှစ်ဦး၏အမှု တရားမျှတစွာ ဖော်ထုတ်နိုင်ရန်နှင့် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှု ဖြေရှင်းပေးရန် နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ၏ စစ်အင်အားတိုးမြင့်လာမှုများ ရုပ်သိမ်းပေးရန်နှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်တို့ အပါအဝင် အချက် ၅ ချက်ကို ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီကျော်မှ ၃ နာရီထိ ဘယ်လ်ဂျီယမ် (Belgium) နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အဓိက ဆရာမနှစ်ဦးအမှု ဖော်ထုတ်ပေးဖို့၊ လိုင်ဇာကို လက်နက်ကြီး ပစ်လို့ ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုကို အစိုးရကနေ အမြန်အဖြေရှာပြီး KIO ကို ဖြေရှင်းပေးဖို့၊ စစ်ပြေး ဒုက္ခသည်တွေကို ဖမ်းဆီး၍ သတ်ဖြတ်နေမှုတွေ မလုပ်ဖို့၊ စစ်ပြေးဒုက္ခသည်တွေကို ပေးတဲ့ ထောက်ပံ့ ပစ္စည်းတွေ ပြန်ယူတာမျိုး၊ ခိုးယူတာမျိုး မလုပ်ဖို့၊ ထောက်ပံ့ပေးတဲ့ အဖွဲ့တွေကို အနှောက်အယှက် မပေးဖို့၊ အခုဖြစ်နေတဲ့ ပြဿနာက စစ်ရေးပြဿနာမဟုတ်ဘူး။ နိုင်ငံရေး ပြဿနာဖြစ်လို့ နိုင်ငံရေးကို စားပွဲဝိုင်းမှာ ဆွေးနွေး အဖြေရှာဖို့ တောင်းဆိုတယ်” ဟု KCNL ၏ ဥက္ကဌ Slg. Mwihpu Bawk San (ဦးမွေဖုဘောက်ဆန့်) က ပြောသည်။

၎င်းတို့၏ တောင်းဆိုချက်များကို ဘယ်လ်ဂျီယမ်ရှိ မြန်မာသံရုံးသို့ ပေးပို့ခဲ့သလို၊ EU ပါလီမန်၊ နယ်သာလန် ပါလီမန်နှင့် နိုင်ငံတကာ ခုံရုံး (international court) များသို့ မိတ္တူများ ပေးပို့ရန် စီစဉ်ထားသည်ဟု သူက ပြောသည်။

“ဒီနေ့ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုပေမဲ့ သူတို့ ငြင်းတယ်။ ကြွေးကြော်တာတွေ လုပ်တယ်။ ဆရာမ နှစ်ဦး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေ ကိုင်တယ်။ ဆရာမနှစ်ဦးပြီးနောက် လူငယ်တွေကို မီးရှို့ သတ်ဖြတ်ခံရတဲ့ ပုံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တရားမျှတမှု ရဖို့။ ကချင်ပြည်နယ်မှာ တရားမျှတမှုတွေ ရှိဖို့ တောင်းတယ်” ဟု သူက ပြောသည်။

နယ်သာလန်နိုင်ငံတွင် မြန်မာသံရုံးမရှိသောကြောင့် ကချင်တိုင်းရင်းသားအဖွဲ့အစည်း နယ်သာလန် (KCNL) ဦးစီး၍ ဘယ်လ်ဂျီယမ်နိုင်ငံရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ကချင်တိုင်းရင်သားများနှင့် အတူ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) တို့ ပါဝင်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၆၀ ခန့် ပါဝင်ဆန္ဒပြခဲ့သည်ဟု Slg. Mwihpu Bawk San (ဦးမွေဖုဘောက်ဆန့်) က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း မဟုတ်သဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရအား တိုင်းရင်းသားများက အယုံအကြည် မရှိသဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု နယ်တာလန်နိုင်ငံ NLD-LA ၏ ဥက္ကဌ ဦးမြင့်နိုင်က ပြောသည်။

“သူတို့တောင်းဆိုတာက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာပေါင်းစုံ တိုင်းရင်းသားတွေ အပေါ်မှာ ထိုးစစ်ဆင်တဲ့ ပြဿာနာပေါ့လေ။ အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ မတရား ညှင်းပန်းနှိပ်စက်မှု ရပ်တန့်ကြ ရပ်ဖို့ရယ်။ တရား ဥပဒေ စိုးမိုးမှုရေးကိုလည်း တောင်းဆိုတယ်။ အဓိကတော့ သူတို့ ဦးသိန်းစိန် အစိုးရကို အယုံအကြည် မရှိဘူးပေါ့” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ KBC စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ Maran Lu Ra (မရန်လုရာ) နှင့် Tangbau Hkawn Nan Tsin (တန်ဘောင်ခေါန်နန်စင်) တို့ အဓမ္မပြုကျင့် ခံရ၍ သတ်ဖြတ်ခံရသည့် တစ်လပြည့်သောနေ့လည်း ဖြစ်သလို၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် အစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် သုံးလပြည့်သော နေ့လည်း ဖြစ်၍ နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု သိရသည်။

ကချင်ကျောင်းဆရာမ နှစ်ဦးအမှုနှင့် ပတ်သက်၍ အဖြေမှန်ထုတ်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၉ ရက် ၆ နာရီမှ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီထိ ၂၄ နာရီ အစာရှောင် ဆုတောင်းကြရန် KBC က ပန်ကြား ထားသဖြင့် ယနေ့တွင် ပြည်တွင်း ပြည်ပ နေရာအနှံ့ရှိ ခရစ်ယာန်များလည်း အသီးသီး အစာရှောင် ဆုတောင်းမှုများပြုလုပ်နေသည်။


0 comments:

Post a Comment