Saturday, February 14, 2015

ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်

ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်းစခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

လိုင်ဇာဌာနချုပ်အနီးသို့ အစိုးရ စစ်အင်အား တိုးမြင့်မှုများ ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် လိုင်ဇာ၏ အနောက်တောင်ဘက်ရှိ ခရာဘွမ် (Hka Ya Bum)၊ ဘွမ်ရယ်ဘွမ် (Bum Re Bum) နှင့် ဖုန်းပျဉ်ဘွမ် (Hpun Pyen Bum) ရှိ အစိုးရ၏ စစ်တပ်က လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၃၀ ခန့်ပစ်ခတ်ခဲ့သဖြင့် KIO ဘက်မှ ပြန်လည် တုံ့ပြန်ပစ်ခတ်ပါက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု သူက ပြောသည်။

“အခုရက်ပိုင်းမှာက ဆက်တိုက်လို့ ပြောရမယ်။ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲမှာလည်း အဲဒီ ခရာဘွမ် (Hka Ya Bum) မှာရှိတဲ့ သူတို့ (အစိုးရ စစ်တပ်) တပ်စခန်းကနေပြီးတော့ ၈၁ မမ လို့ ယူဆတဲ့ လက်နက် ၅ ကြိမ်ပစ်တယ်။ မနေ့က မနက်မှာတော့ ၃ ကြိမ်ပစ်တယ်။ ည ၆ နာရီကနေ ၆ နာရီခွဲထိတော့ အကြိမ် အလုံး ၃၀ ကြိမ်လောက်ပစ်တယ်။ ဒီနေ့တော့ ပစ်တာ မရှိသေးဘူး” ဟု ဦးလာနန်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း ဖုန်းပျဉ်ဘွမ် (Hpun Pyen Bum) ရှိ အစိုးရ၏ စစ်တပ်က လက်နက်ကြီး အကြိမ်ပေါင်း ၃ ကြိမ်မှ ၅ ကြိမ်ထိ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သူက ပြောသည်။

လက်ရှိ လိုင်ဇာမြို့ခံများ စိုးရိမ်မှုများ ရှိနေသလို၊ အစိုးရ စစ်တပ် ပစ်ခတ်နေသော KIA ၏ ရှေ့တန်းစခန်းများ အနီး အလန်းဘွမ် (Alen Bum) စစ်ပြေး ဒုက္ခသည်ကျောင်းသားပေါင်း ၁၀၀၀ ခန့် ပညာသင်ကြားနေပြီး မကြာမီ ရက်ပိုင်းအတွင်း စာမေးပွဲ ဖြေဆိုတော့မည် ဖြစ်၍ ကျောင်းသားများအတွက် စိုးရိမ်မှုများ ရှိနေသည်ဟု သူက ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဗန်းမော်နှင့် မြစ်ကြီးနားကားလမ်းဘက်မှ အစိုးရ၏ စစ်အင်အားများ ထပ်မံ တိုးမြင့်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဦးလာနန်က ပြောသည်။

“တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တဲ့အကြောင်းအရာ ရှိပါတယ်။ သူတို့အကြောင်းပြချက် ကနေတော့ KIO ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့ အဖွဲ့ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက် ပြန်ပြီး ဖြေရှင်းချက်ပေးမှာပါ။ ဒါက အမြဲတမ်းလုပ်နေကျပါ။ ကျနော်တို့ဘက်ကနေ ခုထက်ထိ ပြန်တုံ့ပြန်တာ မရှိသေးဘူး။ တုံ့ပြန်တာနဲ့တော့ တိုက်ပွဲက အကြီးအကျယ်ဖြစ်တော့မယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

KIO သည် အစိုးရက ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားမှုကို ရရှိသော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ် ချုပ်ဆိုရမည်ဟူသော အဆိုပြုချက်အား သဘောမတူသဖြင့် မတက်ရောက်ခဲ့ပေ။


0 comments:

Post a Comment