Friday, February 13, 2015

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အဖြေမှန် ဖော်ထုတ်နိုင်ရန် အတွက်အပါအဝင် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၆ နာရီမှ ၂၀ ရက် နံနက် ၆ နာရီထိ တလုံးတဝ တည်း ၂၄ နာရီ အစာရှောင်ဆုတောင်းရန် ဖေဖော်ဝါရီလ ၁၁ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“KBC ၏ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အဖြေမှန် ဖော်ထုတ်ရန် ဆုတောင်းခြင်းမှတပါး အခြားသော အဖြေမရှိတော့ပါ၊ ကျွန်တော်တို့ဘက်မှ ဘုရားပေးသော ဥာဏ်စွမ်း သတ္တိနှင့် အစွမ်းကုန်ကြိုးစားနေပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီကိစ္စကို အားလုံးလည်းသိရှိထားပြီးသားဖြစ်တယ်ဆိုတော့ ကမ္ဘာ့အဆင့် အားလုံး ကိုယ်ကိုးကွယ်တဲ့ဘာသာနဲ့ ကိုယ့်နေရာကနေ အသီးသီး အစာမစားပဲ ဝိုင်းဆုတောင်းကြဖို့ပါ” ဟု KBC အတွင်းရေးမှုး Rev. Dr. Hkalam Samson က ပြောသည်။

ထို့ပြင် တရားဥပဒေ စိုးမိုးခြင်း မရှိသော ၄င်းဒေသတွင် အမှုမှန်ပေါ်ထွက်ရန် ခက်ခဲမှုများစွာနှင့် အတားအဆီးများစွာ ရှိနေသဖြင့် KBC နှင့်အတူ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) တွင် ပါဝင်သော ခရစ်ယာန်ဂိုဏ်းဂဏအားလုံး အစာရှောင် ဆုတောင်းရန် ဖိတ်ခေါ် အပ်ပါသည်ဟု ဆိုထားသည်။

ပြည်တွင်း လူမျိုးဘာသာ၊ အသင်းအဖွဲ့၊ မိသားစု တစ်ဦးချင်း၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ စေတနာ့ ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးကို အဓိမ္မပြုကျင့်သတ်ဖြတ်သော တရားခံများအား အမြန်ဆုံးဖော်ထုတ်နိုင်ရန်၊ ပြစ်မှုကျူးလွန်သူ တရားခံများအစား အပြစ်မဲ့ ပြည်သူများ ဓါးစာခံဖြစ်မသွားစေရန်၊ အမှုနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းမှုများ၊ ခြိမ်းခြောက်မှုများကြောင့် အလွန်ကြောက်ရွံ့နေကြသော နမ်တောင်း (Namtau)၊ ကောင်းခါး (Kawng Hka) ကျေးရွာသားများအတွက် ဆုတောင်းပေးရန် အပါအဝင် အချက် ၆ ချက် ဆုတောင်းခံရန် ထုတ်ပြန်လိုက်သည်။

အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးနေကြသော တာဝန်ရှိ သူများအားလုံး အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ လုပ်ဆောင် သွားနိုင်ရန်နှင့် ဖြစ်ပျက်ခဲ့သော အမှုအရာများကြောင်း ဘုရားသခင်၏ ဘုန်းတော် ပိုမိုထင်ရှားလာစေရန် တို့လည်း ပါဝင်သည်။

KBC သည် ဆရာမ နှစ်ဦး သတ်ဖြတ်ခံရသည့် အမှုအတွက် မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ရန် တဖက်တလမ်းမှ ကူညီထောက်ပံ့သည့် သဘောဖြင့် KBC က (၁၅) ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖေဖော်ဝါရီလ ၄ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။


0 comments:

Post a Comment